သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပညာသင်ကြားရေးခက်ခဲနေသူ ရခိုင်စစ်ဘေးရှောင် ကျောင်းသား/သူ ၈၁ ဦးကို မြို့၃ ခုတွင် အခမဲ့ပညာသင်ကြားပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.8k

သျှင်မင်းဇံ၊ သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁/ ၂၀၂၁
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား/သူ ၈၁ ဦးကို ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကော်မတီက တာဝန်ယူကာ ပညာသင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါကျောင်းသား/သူများကို စစ်တွေ၊ တောင်ကုတ်နှင့် သံတွဲမြို့ စသည့် မြို့ (၃) မြို့တွင် ခွဲ၍ မိမိတို့အဖွဲ့က တတ်နိုင်သလောက် အခမဲ့ပညာသင်ကြားပေးနေခြင်းဖြစ်သည်ဟု စစ်တွေမြို့ ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကော်မတီ ပညာရေးအထောက်အကူပြုအဖွဲ့မှ တာဝန်ခံ ဦးအောင်ကျော်သိန်းက နိရဥ္စရာကိုပြောသည်။
"ဒီစစ်ဘေးရှောင် ကျောင်းသား/သူတွေ ပညာမသင်ရရင် ကျနော်တို့လူမျိုး လူညွန့်တုံးသွားမှာစိုးလို့ ကျနော်တို့က တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။
ယခုသင်ကြားပေးနေသည့် ကျောင်းသူ၊ ကျောင်းသားများထဲတွင် ၈ တန်း၊ ၉ တန်းနှင့် ၁ဝ တန်းတို့မှပါဝင်ပြီး စစ်တွေမြို့တွင် ၃၀ ဦး၊ တောင်ကုတ်မြို့တွင် ၃၀ ဦးနှင့် သံတွဲမြို့တွင် ၂၁ ဦးစသည်ဖြင့် ခွဲ၍ သင်ကြားပေးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ အခမဲ့ပညာသင်ခွင့်ရရှိသည့်အတွက် ဝမ်းသာကြောင်း စစ်တွေတွင်သင်ကြားနေရသည့် ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာမှ ထွက်ပြေးလာသော ဆယ်တန်းကျောင်းသူ မသန်းနွယ်အေးက နိရဥ္စရာကို ပြောသည်။
“စစ်ဘေးရှောင်နေရတော့ မိဘတွေမှာလည်း ဝင်ငွေက မရှိဘူးလေ။ အောက်က ဆယ်တန်းတက်ဖို့ ညီမလေးတစ်ယောက်နဲ့ ရှစ်တန်းတက်ဖို့ မောင်လေးတစ်ယောက်ရှိလို့ ကျောင်းဆက်မတက်ရတော့ဘူးလို့ ထင်တာ။ အခု ဒီလိုမျိုးအခမဲ့ ပညာသင်ခွင့်ရတော့ အရမ်းဝမ်းသာပါတယ်။ ညီမလေးကလည်း တောင်ကုတ်မှာ အခမဲ့ ပညာသင်ခွင့်ရသွားတယ်” ဟု ပြောသည်။
အဆိုပါကျောင်းသူ၊ ကျောင်းသားများတွင် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများဖြစ်ကြသည်ဟု သိရသည်။
စစ်တွေရှိ စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများကို အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးနေသည့် ဆရာဦးသိန်းဝင်းက “ဒီကလေးတွေက အခုစိုးရိမ်ဖို့ ကောင်းတာက ဆယ်တန်းစနစ်ဟောင်းပညာသင်နှစ်ရဲ့ နောက်ဆုံးနှစ်ပေါ့။ ဒီနှစ်မှာ ဆယ်တန်းမဖြေလိုက်ရဘူးဆိုရင် သူတို့တွေရဲဲ့ဘဝမှာ နောက်ဆယ်တန်းအောင်ဖို့ဆိုတာ မနီးစပ်နိုင်တော့ဘူး။ ၁၂ နှစ်တန်း ပညာရေးမှာ သင်ကြားရမှာဖြစ်လို့ပါပဲ”ဟု ပြောသည်။
ယခုသင်ကြားပေးနေသည့် စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများကို ပြီးခဲ့သည့် ကျောင်းဖွင့်ရာသီတွင် စတင်သင်ကြားပေးခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားခဲ့ရသည့်အတွက် သင်ကြားမှုရပ်နားခဲ့ရသည်။
လက်ရှိတွင် ကိုဗစ်ရောဂါ လျော့ကျလာသည့်အတွက် ပြန်လည် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ