ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခေါ်ဆောင်ခံရသူ ချွတ်ပြင်ရွာသား အဆက်အသွယ်မရသဖြင့် မိသားစုများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်တိုက်နယ်၊ မယူကမ်း ချွတ်ပြင်ရွာမှ လူတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ယမန်နေ့ ညနေက ခေါ်ဆောင်သွားပြီး ယနေ့ မွန်းလွဲချိန်ထိ အဆက်အသွယ် မရရှိသေးသဖြင့် မိသားစုများက အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ချွတ်ပြင်ရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြက “ သူ့ကို ခေါ်သွားတာက စစ်တပ်ကလို့ ပြောတယ်။ တပ်ဖွဲ့ဝင် ၁၈ ယောက်လောက်ပါတယ်လို့ ပြောတယ်။ သူ့ကို ခဏ လမ်းပြပါဆိုပြီး မနေ့ ညနေ ၅ နာရီခွဲက ခေါ်သွားတာပါ။ သူ့ဆီမှာ ဖုန်းပါတော့ ည ၅ နာရီ ၅၅ မိနစ် ထိ မိသားစုနဲ့ အဆက်အသွယ်ရပါသေးတယ်။ အဲဒီနောက်ပိုင်း အဆက်အသွယ်မရတော့ပါ။ ကျွန်တော်တို့ စေတီပြင်မှာ စခန်းချနေတဲ့ စစ်တပ်ကို အကြောင်းကြားမေးမြန်းတော့ သူတို့ဆီက ခုလို ထွက်နေတဲ့ စစ်ကြောင်းမရှိလို့ ပြောဆိုပါတယ်” ဟု ပြောဆိုသည်။

ခေါ်ဆောင်ခံရသူမှာ ချွတ်ပြင်ကျေးရွာမှ ဦးမောင်သိန်းနုနှင့် ဒေါ်ဦးသန်းအေးတို့သား ကိုအောင်ဆန်း (၂၆) နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ယမန်နေ့ (သြဂုတ် ၂၁ ရက်) နံနက် ၁ဝ နာရီကျော်က ပုရစ်တူးရန် ထွက်သွားပြီး ညနေ ၅ နာရီကျော်တွင် ခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု မိသားစုများက ပြောသည်။

“ သူ့အဖေနဲ့ ဆွေမျိုးတွေနဲ့ ရွာနဲ့နီးတော့ လိုက်ပါသွားကြတယ်။ လူကိုတော့ မတွေ့ပါဘူး။ အထက်နန်းရာ ငမဲဘကျော်လမ်းက သစ်ပင်တစ်ပင်အောက်မှာ ပုရစ်တူးတဲ့ ပေါက်တူးနဲ့ ပုရစ် ၂ဝဝ ကောင် ထည့်ထားတဲ့ ဝါးခြင်းပူတုတ်တစ်လုံး တွေ့တယ်။ ကျန်တာတွေတော့ ဘာမှ မတွေ့ပါဘူး” ဟု ဦးအောင်သိန်းမြက ပြောသည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးသို့ ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က နိရဥ္စရာမှ ဆက်သွယ်ရာမေးမြန်းရာ  ၎င်းက “ စစ်တပ် ခေါ်သွားတာမဟုတ်ဘူး။ အေအေက ခေါ်သွားတာ” ဟု ပြောကြားသည်။

ယခုအချိန်ထိ ဆက်သွယ်မရသေးသဖြင့် မိသားစုများက အထူးစိုးရိမ်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ