ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်ထွန်းရဝေရွာအနီးပစ်ခတ်မှုဖြစ်၊ ကလေးမိခင်တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာအနီးတွင် ယနေ့ နံနက် ၇ နာရီခန့်က မိုင်းပေါက်ကွဲမှုနှင့် အတူ သေနတ်ပစ်ခတ်သံများထွက်ပေါ်လာပြီးနောက် ထွန်းရဝေကျေးရွာမှ ကလေးမိခင် တစ်ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသွားသူမှာ အသက် ၂ဝ ကျော်အရွယ် မခင်ဝင်းရွှေဟု သိရသည်။

“ ကျွန်တော်တို့လည်း ရွာကနေ ထွက်ပြေးလာတဲ့ အတွက် ရွာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိရပါ။ အခု သိရတာက အိမ်ကနေ ဘုန်းတော်ကြီးကျောင်းကို ခိုလှုံဖို့ထွက်ပြေးတဲ့ ကလေးမိခင် ခင်ဝင်းရွှေမှာ ပေါင်မှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒီလောက်ဘဲ သိပါတယ်” ဟု ပြောကြားသည်။

ယနေ့ နံနက် ၇ နာရီခန့်က ထွန်းရဝေတံတားအနီးမှ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လက်နက်ငယ်ပစ်ခတ်သံများကို ၁ဝမိနစ်၊ ၁၅ မိနစ်ခန့်ကြားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့လည်း တိတိကျကျ မသိပါ။ မိုင်းကွဲတာလား၊ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲ ဖြစ်သလား ကျွန်တော်တို့ ရောက်နေတဲ့ နေရာနဲ့ ဝေးတဲ့ အတွက် မပြောနိုင်ပါ” ဟု ဆက်လက်ပြောကြားသည်။

ထွန်းရဝေရွာမှ နောက်ထပ် ဖုန်းတစ်လုံးအားဆက်သွယ်ရာ အမျိုးသမီးတစ်ဦးက ဖုန်းကိုင်သော်လည်း အဝေးကိုရောက်နေသည်ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

တိုက်ပွဲဖြစ်ရာအနီးရှိ ပြားချောင်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ယနေ့ နံနက် ၇ နာရီက သေနတ်သံများကို သူတို့ရွာက တစ်မိုင်ခန့်အကွာ ထွန်းရဝေဘက်က ကြားခဲ့ရသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ရွာက တစ်မိုင်လောက်ဝေးပါတယ်။ ဒီအတွက် တိုက်ပွဲ ဖြစ်တာလား၊ ဘာလား၊ တိတိကျကျ မပြောနိုင်ပါ။ ရွာက လူတစ်ချို့ကတော့ သေနတ်သံထွက်လာတဲ့နောက်ပိုင်း ရွာကနေ ထွက်ပြေး တိမ်းရှောင် နေကြပါတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် CSO ပေါင်းစုံ ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သာခင်သို့ ဆက်သွယ်ရာ ၎င်းက ထွန်းရဝေ အနီး မိုင်းခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု ရွာသားများထံမှ သတင်းရကြောင်း၊ ကလေးမိခင်တစ်ဦး ဒဏ်ရာရရှိသည်ဟု ကြားရကြောင်း၊ ၎င်းအမျိုးသမီးကို ရသေ့တောင် ဆေးရုံသို့ ယူဆောင်ရန် စီစဉ်နေကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ