သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် လူငယ်တစ်ဦးက အိမ်နှင့် ခြံမြေကိုပေါင်နှံ၍ စာကြည့်တိုက်တစ်ခုဖွင့်လှစ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူငယ်တစ်ဦးက အိမ်နှင့်ခြံမြေကိုပေါင်နှံပြီး စာကြည့်တိုုက်ငယ်တစ်ခုကို ရပ်ကွက်အတွင်း တစ်ကိုယ်တော်ဖွင့်လှစ်ထားကြောင်း သိရသည်။
“ရိုးမရောင်နီ”အမည်ရှိ အဆိုပါစာကြည့်တိုက်ကို စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် အကွက်(၂)တွင်နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုညီညီထွန်းက ရပ်ကွက်တွင်း ပေ ၄ဝ × ၃၈ ပေအကျယ်ရှိမြေကွက်လပ်တွင် တစ်ကိုယ်တော်ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခြင်းဖြစ်သည်။
သူ၏မိခင်ပိုင်ဆိုင်သည် နေအိမ်နှင့်ခြံမြေကို မိခင်၏ခွင့်ပြုချက်ဖြင့်ပေါင်နှံကာ ယခုကဲ့သို့တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း ကိုညီညီထွန်းက ပြောသည်။
သူသည် ယခင်က နှစ်ဘီးကယ်ရီမောင်းခဲ့ပြီး မူးယစ်ဆေးဝါးများသုံးစွဲကာ ဆိုးသွမ်းရမ်းကားနေခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အသိတရားများရလာခဲ့သည်ဟု ဆိုသည်။
ယင်းနောက် သူ၏ပတ်ဝန်းကျင်အတွင်း ပညာရေးလစ်ဟာနေမှုများကြောင့်ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲပြဿနာများကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတတ်စေရန်နှင့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် စာပေဗဟုသုတအသိပညာများဖြင့်ဆင်ဆင်ခြင်ခြင်နေထိုင်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့တည်ဆောက်ရခြင်းဖြစ်သည်ဟု စာကြည့်တိုက်ဦးစီးတည်ထောင်သူ ကိုညီညီထွန်းက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့ ပတ်ဝန်းကျင်ထဲမှာတော့ စာပေဗဟုသုတအရမ်းနည်းပါးတယ်။ ကျနော်လည်း ပညာမစုံခဲ့ပါဘူး။ ပြီးတော့ အတန်းပညာလှစ်ဟာမှုတွေကြောင့် ပြဿနာတစ်ခုခုဖြစ်လာရင် နားလည်မှုနဲ့ ညှိနှိုင်းဖြေရှင်းမှုတွေကိုလိုချင်တယ်။ အဲ့လိုနားလည်မှုတွေကိုလည်း စာပေဗဟုသုတကနေ ရနိုင်တယ်လို့ ကျနော်ယုံကြည်လို့ ဖွင့်ဖြစ်တာပါ” ဟုပြောသည်။
အဆိုပါစာကြည့်တိုက်ကို ကျပ်သိန်း ၅ဝ ခန့်အကုန်အကျခံကာ ၂၀၂၁ ဇွန်လမှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်ဖွင့်ပွဲကို စစ်တွေမှ စာရေးဆရာများနှင့် စာချစ်ပရိသတ်များဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည်ဟု ကိုကိုညီညီထွန်းက ဆိုသည်။
“ကျနော်နေတဲ့နေရာက မူးယစ်ဆေးဝါးတွေကို လမ်းပေါ်တွေမှာ ပေါ်တင်သုံးစွဲနေကြတော့ ကျနော်သာ ဒီစာကြည့်တိုက်ကိုမလုပ်ရင် နောက်ဆို ကျနော်တို့ရပ်ကွက် ပိုဆိုးသွားလိမ့်မယ်”ဟု ပြောသည်။
ဝါရင့်စာရေးဆရာတစ်ဦးဖြစ်သည့် ဗဂျီးကျော်(စစ်တွေ)ကလည်း မိမိပတ်ဝန်းကျင်အတွက် ယခုကဲ့သို့ စိတ်အားထက်သန်စွာဖြင့် အနစ်နာခံပြီးဆောက်လုပ်ထားသောကြောင့် စာကြည့်တိုက်ဖွင့်လှစ်ထားသူကို လွန်စွာချီးကျူးမိကြောင်း ပြောသည်။
အဆိုပါစာကြည့်တိုက်ကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိဖွင့်လှစ်ထားပြီး စာကြည့်တိုက်အတွင်း စာအုပ်ပေါင်း ၁ ထောင်ခန့်ရှိနေသည်ဟု သိရသည်။
စာကြည့်တိုက်တွင် စာလာဖတ်သည့် သတ္တမတန်းကျောင်းသူ မသိင်္ဂီစိုးက “သမီးက အဓိကမူးယစ်ဆေးနဲ့ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ်။ ဗဟုသုတစာအုပ်တွေ၊ အဲဒါတွေကတဆင့် သမီးတို့ မသိသေးတဲ့အကြောင်းအရာတွေကိုလည်း သိခွင့်ရတဲ့အတွက် စာကြည့်တိုက်ဖွင့်ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်”ဟု နိရဥ္စရာကို ပြောသည်။
အဆိုပါစာကြည့်တိုက်တည်ဆောက်သော မြေနေရာမှာ ကျူးကျော်မြေဖြစ်ပြီး သက်ဆိုင်ရာများကခွင့်မပြုသောနေရာဖြစ်သည်ဟု ဆတ်ရိုးကျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းက နိရဥ္စရာကို ပြောသည်။
“သူတို့ဆောက်ထားတဲ့နေရာက ကျနော်တို့ခွင့်ပြုထားတဲ့မြေတော့မဟုတ်ဘူး။ လမ်းဘေးကျူးကျော်မြေတွေပါ။ လမ်းကနေ ပေ ၅၀ ကျော်ရင် လမ်းဘေးကျူးကျော်လို့ခေါ်ပါတယ်။ အဲ့နားမှာ ဖြိုမယ်ဆိုရင် တောက်လျှောက်ဖြိုရမှာပဲ။ လမ်းတွေနဲ့ကပ်ပြီး လုပ်ထားတာ” ဟုပြောသည်။
စာကြည်တိုက်တည်ဆောက်ထားသူ ကိုညီညီထွန်းကမူ အဆိုပါစာကြည့်တိုက်တည်ဆောက်နိုင်ရန် စည်ပင်နှင့် အားလုံးညှိနှိုင်းထားပြီးသားဟု ပြောသည်။
လက်ရှိတွင် ကိုညီညီထွန်းသည် အခြားအလုပ်များကို မလုပ်တော့ဘဲ သူ၏ စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်နှစ်ကာ ဦးဆောင်လုပ်ကိုင်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ