သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ တတိယအကြိမ်မြောက် စာပေဆုရှင်များကို ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 986


မင်းအဂ္ဂ
စစ်တွေ၊ ဧပြီ ၉ / ၂၀၂၂
ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ တတိယအကြိမ်မြောက် ရခိုင်စာပေဆုရှင်များကို ဧပြီလ ၈ ရက်တွင် ထုတ်ပြန်လိုက်ပြီဟု သိရသည်။
အဆိုပါဖောင်ဒေးရှင်း၏ ယခုနှစ်တွင်ချီးမြှင့်မည့် စာပေဆုများတွင် ဂန္ထဝင်အမျိုးအစား ကဗျာပေါင်းချုပ်ဆုကို “စိတ်ချနိန်လီနန့် အခြားကဗျာများ”ဖြင့် မင်းလွင် (ကျောက်ကလေ)ကလည်းကောင်း၊ မော်ဒန်အမျိုးအစား ကဗျာပေါင်းချုပ်ဆုကို “ကြည်ကြွီလမ်းနှင့် အခြားကဗျာများ”ဖြင့် ပန်းသီကြိုး(ရသေ့တောင်)ကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုကို “မဟာသုဘဒ္ဒဖြေဆီးနန့် အခြားဝတ္ထုတိုများ”ဖြင့် ခိုင်ရွှေသဇင်မြတ်ကလည်းကောင်း၊ ဆောင်းပါးပေါင်းချုပ်ဆုကို “ရခိုင်မဏ္ဍိုင်ဇာတိများနှင့် အခြားဆောင်းပါးများ”ဖြင့် ရက္ခသာကီ (ကျိန်းရိပ်မြီ)ကလည်းကောင်း အသီးသီးရရှိသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝတ္ထုတိုပေါင်းချုပ်ဆုရှင် ခိုင်ရွှေသဇင်မြတ်က “ဆုရတော့ ကျေနပ်ပါတယ်။ ပျော်တယ်ပေါ့။ စာရေးတဲ့သူတစ်ယောက်မှာ ဆုဆိုတာကလည်း မှတ်တိုင်တစ်ခုပဲလေ။ ဘဝမှာ အမှတ်တရ မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက် ပျော်ပါတယ်”ဟု နိရ ဉ္စရာကိုပြောသည်။
ယခုစာပေဆုကိုဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကဗျာဆိုလျှင် ၁၅ ပုဒ်၊ ဝတ္ထုတိုနှင့် ဆောင်းပါးတို့ဆိုလျှင် ၅ ပုဒ်စီပေးပို့ယှဉ်ပြိုင်ခဲ့ကြရခြင်းဖြစ်သည်။
ယှဉ်ပြိုင်သည့်စာမူများမှာ ပုံနှိပ်မဖော်ပြရသေးသည့် ကိုယ်တိုင်ရေး စာမူဖြစ်ရမည်ဖြစ်ပြီး ရခိုင်ဘာသာစကားဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်အတွင်း ရေးသားပေးပို့ယှဉ်ပြိုင်ခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။
ပြိုင်ပွဲပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ဗဟိုကော်မတီဝင် အောင်ကြည်မိုး(သင်းပုန်းတန်း)က “အဓိကတော့ ရခိုင်စာနဲ့ပြိုင်တယ်ဆိုကတည်းက ရခိုင်လို့မဟုတ်ဘူး။ ကျနော်တို့ ဒီ ရခိုင်စာပေဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့အဓိက ရည်ရွယ်ချက်။ နောက်တစ်ခုက မျိုးဆက်သစ်လူငယ်၊ စာပေဝါသနာပါတဲ့လူငယ်တွေ ပေါ်ပေါက်လာစေဖို့ဆိုတဲ့ရည်ရွယ်ချက်ပါ”ဟု ပြောသည်။
ပြိုင်ပွဲဝင်များအားပေးအပ်မည့်ဆုကြေးများကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။
ဆုချီးမြှင့်ပွဲကို ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ ရမ်းဗြဲမြို့တွင်ကျင်းပမည့် ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ နှစ်ပတ်လည်နေ့ မျက်နှာစုံညီအစည်းအဝေးတွင် ချီးမြှင့်ပေးသွားမည်ဟုလည်း အောင်ကြည်မိုး(သင်းပုန်းတန်း)က ပြောသည်။
“အခုဆုရတဲ့စာမူတွေကို ကျနော်တို့ဖောင်ဒေးရှင်းကနေ စာအုပ်ထုတ်ပေးတယ်။ ဖောင်ဒေးရှင်းရန်ပုံငွေနဲ့ထုတ်ပေးပြီး ရတဲ့ဝင်ငွေကိုလည်း ဖောင်ဒေးရှင်းရန်ပုံငွေအဖြစ် ယူတယ်”ဟု ပြောသည်။
ယခုချီးမြှင့်မည့် စာပေဆုမှာ အဆိုပါဖောင်ဒေးရှင်း၏တတိယအကြိမ်မြောက်ချီးမြှင့်မည့် စာပေဆုဖြစ်ပြီး ပထမအကြိမ်ဆုပေးပွဲကို ၂ဝ၁၉ ခုနှစ်တွင် သံတွဲမြို့နှင့် ဒုတိယအကြိမ်ကို ၂ဝ၂၁ ခုနှစ်တွင် ပေါက်တောမြို့တို့၌ ပြုလုပ်ခဲ့ကြသည်။

ဆက်စပ် သတင်းများ