သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဆရာတော်အရှင်ကုသလ(စာရေးဆရာ ငွေသဇင်)အား ဂုဏ်ပြုသည့်အနေဖြင့် စာပေဆုပေးပွဲတစ်ခုကို သံတွဲမြို့တွင် စည်ကားစွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 737

နိရဉ္စရာ၊ မေ ၂၇/ ၂၀၂၂
ဆရာတော်အရှင်ကုသလ(စာရေးဆရာငွေသဇင်)အား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ငွေသဇင်စာပေဆုပေးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သတင်းရရှိသည်။
အဆိုပါဆုပေးပွဲကို ငွေသဇင်ဖောင်ဒေးရှင်းက ဦးဆောင်ကာ သံတွဲမြို့၊ မင်းဘာကြီးလမ်း၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်တွင် လာမည့်ဇွန်လ ၆ ရက်၌ ကျင်းပသွားမည်ဟု သိရသည်။
၎င်းစာပေဆုပေးပွဲ၌ ပေးအပ်မည့် စာပေဆုများမှာ ဝတ္ထုတိုဆု၊ ဆောင်းပါးဆု၊ ကဗျာဆုတို့ဖြစ်ပြီး ကဗျာဆု၌ ဂန္ထဝင်ဆုနှင့် မော်ဒန်ဆု စုစုပေါင်း ဆု ၄ ဆုကို ပေးအပ်ချီးမြှင့်သွားမည်ဟုလည်း သိရသည်။
၎င်းဆု ၄ ဆုတွင် ပထမဆုတစ်ဆုတည်းကို ကျပ် ၂ သိန်းခွဲချီးမြှင့်ပေးအပ်သွားမည်ဟု ငွေသဇင်ဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ရှိသူ ဦးသားကြီးမောင် ပြောသည်။
"ဒီနှစ်ကတော့ ရန်ပုံငွေအင်အားနည်းပါးတဲ့အတွက်ပေါ့နော်။ အရင်တုန်းက ပထမဆု၊ ဒုတိယဆု၊ တတိယဆုလို့ ဆုသုံးမျိုးပေးမယ်လို့ သတ်မှတ်ထားပေမယ့် အခုတော့ ပထမဆုတစ်ဆုတည်းကိုပဲပေးအပ်သွားမယ်။ ဒီစာပေဆုပေးပွဲကလည်း ဒီနှစ်မှ ပထမဆုံးအကြိမ် စတင်ပြုလုပ်တာဖြစ်ပါတယ်" ဟုပြောသည်။
ဒွါရာဝတီသံတွဲမြို့ဘက်၌ ရခိုင်စာပေဆုပေးပွဲပုံစံမျိုးလည်းမရှိသေးသည်ကတစ်ကြောင်း၊ ပျံလွန်တော်မူသော ဆရာတော်အရှင်ကုသလ (စာရေးဆရာ ငွေသဇင်)၏ ဂုဏ်ကျေးဇူးကိုအောက်မေ့တမ်းတသောအားဖြင့် ၎င်းစာပေဆုပေးပွဲအား ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးသားကြီးမောင်က ဆက်ပြောသည်။
ငွေသဇင်ဖောင်ဒေးရှင်းကို ဆရာတော်အရှင်ကုသလ(စာရေးဆရာ ငွေသဇင်)သက်ရှိထင်ရှားရှိစဥ် ဆရာတော်၏ ဂုဏ်တော်အားအမှီပြုပြီး
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်တွင် စတင်ထည်ထောင်ခဲ့သည်ဟု သိရသည်။
ဆရာတော်အရှင်ကုသလ(စာရေးဆရာ ငွေသဇင်)သည် ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေများရေးသားကာ စွမ်းစွမ်းတမံကြိုးပမ်းခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ သက်တော် (၆၀)တွင် ၉၆ ပါးသော ရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။
ရခိုင်ပြည်တွင် ငွေသဇင်ဖောင်ဒေးရှင်းမှ ကျင်းပသည့် စာပေဆုပေးပွဲကဲ့သို့ (၇)ကြိမ်မြောက် တန်ခိုးဆရာထွန်း စာပေဆုပေးပွဲကိုလည်း ပြီးခဲ့သည် ဧပြီလ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ (NN-12)

ဆက်စပ် သတင်းများ