သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်စာရေးဆရာ ဆရာခိုင်မင်းခန့်၏ “၂၁ ရာစုအတွက် စွမ်းအား ၂၁ မျိုး” စာအုပ်ထွက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

နိရဥ္စရာ၊ ဇွန် ၂ဝ/၂၀၂၂
ရခိုင်စာရေးဆရာ ဆရာခိုင်မင်းခန့်၏ “၂၁ ရာစုအတွက် စွမ်းအား ၂၁ မျိုး” အမည်ရှိစာအုပ်သည် ယခုအပတ်အတွင်း ထွက်ရှိလာသည်ဟု သိရသည်။
အဆိုပါစာအုပ်တွင် ဆောင်းပါးပေါင်း ၃၄ ပုဒ်ပါဝင်ပြီး တစ်အုပ်လျှင် ကျပ် ၆ ထောင်ဖြင့် ရခိုင်ပြည်အနှံ့ စတင်ဖြန့်ချိနေပြီဖြစ်သည်။
အဆိုပါစာအုပ်သည် ၂၁ ရာစုတွင် ရလာဒ်တစ်ခုခုကိုဖန်တီးနေသည့်လူများအတွက် လူတိုင်းဖတ်ရှုသင့်သည့် စိတ်ခွန်အားပေးစာအုပ်တစ်အုပ်ဖြစ်သည့်အပြင် ၂၁ ရာစုတွင် ရှင်သန်နေထိုင်ရန်အတွက် ဘဝနေနည်း စာအုပ်တစ်အုပ်ဖြစ်သည်ဟုလည်း စာရေးသူ ဆရာခိုင်မင်းခန့်က ပြောသည်။
“အဓိက ဒီစာအုပ်က ၂၁ ရာစုအတွက် စွမ်းအား ၂၁ မျိုးဆိုသလိုပဲ ၂၁ ရာစုကုန်သည့်တိုင်အောင် ဒီစာအုပ်က အသုံးဝင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ၂၁ ရာစုကုန်ဖို့ နောက်ထပ်နှစ်ပေါင်း ၇၈ နှစ်လိုသေးတယ်။ နောက်ထပ် ၇၈ နှစ်တိုင်အောင် ဒီစာအုပ်ကလူတွေကြားထဲမှာ တစ်စုံတစ်ရာ အသက်ဝင်လူပ်ရှားပြီး အကျိုးပြုနိုင်ဖို့အတွက် ဒီစာအုပ်ကိုရေးတာဖြစ်တယ်။ ဒီစာအုပ်ကဆိုရင် လူတိုင်းအတွက် လိုအပ်တယ်။ စိတ်ခွန်အားပေးစာအုပ်ဖြစ်တဲ့အပြင် ဘဝနေနည်းစာအုပ်တစ်အုပ်လည်းဖြစ်တယ်” ဟု ပြောသည်။
အဆိုပါစာအုပ်တွင် စာမျက်နှာပေါင်း ၃ဝ၁ မျက်နှာပါဝင်ပြီး အုပ်ရေ ၁ ထောင် ရိုက်နှိပ်ထားခြင်းဖြစ်သည်။
ယင်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ယမန်နေ့ ဇွန်လ ၁၉ ရက် နေ့လယ်တွင် စစ်တွေရှိ အောင်မြေကုန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲသို့ စစ်တွေမြို့ရှိ ရခိုင်စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ စုစုပေါင်းလူဦးရေ ၃၀ ကျော်ခန့်က တက်ရောက်အားပေးခဲ့ကြပြီး စာအုပ်အကြောင်း ဆွေးနွေးမှုများနှင့် ဝေဖန်အကြံပြုမူများပြုလုပ်ခဲ့ကြသည်။
ဆရာခိုင်မင်းခန့်သည် ယခင်က ချစ်ခြင်းနှင့် ဘဝမြင်ကွင်း၊ ဘဝရဲ့ ဗီတာမင်စီ၊ အာရက္ခမြေမှ အမင်ခေါ်သံ၊ သမိုင်းတစ်ခေတ်၏မှတ်တိုင်များ၊ စိတ်ဓာတ်ကျမှု စိတ်ဖိစိမှုများကိုကျော်လွန်ခြင်း၊ The Save The World စသည့် စာအုပ်ပေါင်း ၆ အုပ်ကိုရေးသားထုတ်ဝေခဲ့ပြီးပြီဟု သိရသည်။
ဆရာခိုင်မင်းခန့်၏ အမည်အရင်းမှာ မြတ်ချေဖြစ်ပြီး ကျောက်တော်မြို့နယ် သင်္ဂနက်ကျေး ရွာဇာတိဖြစ်ကာ R ဝီရလင်း (ရွှေသင်္ဂနက်)အမည်ဖြင့်လည်း စာပေများရေးသားလျက်ရှိသည်။ (NN-12)

ဆက်စပ် သတင်းများ