ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

သံတွဲ ဆင်ခေါင်းကျေးရွာထပ်မံ ဗုံးကြဲခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ၂၆၊၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ နယ်မှ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီလေတပ်မှ တစ်ခြားနေရာ ၃ ခုနှင့်အတူ ယခုလ ၂၅ ရက်နေ့က ဗုံးကြဲခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို ယခုနှစ် ဇွန်လ ၄ ရက် ၅ရက်နေ့များက လေယာဉ်က ဗုံးကြဲသလို ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ရေယာဉ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လူပေါင်း ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့သလို ပျောက်ဆုံးနေသူလည်း အများအပြား ရှိခဲ့သည်။

အဆိုပါ ဆင်ခေါင်းကျေးရွာအား ဒုတိယအကြိမ် စစ်ကောင်စီလာရောက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက "အောက်တိုဘာ ၂၅ ရက်နေ့ ည ၄ နာရီကျော်အချိန်မှာ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဆင်ခေါင်းစာသင်ကျောင်းကို ဗုံးကြဲတယ်။ ဘာသတင်းရလို့တော့ မသိဘူး။ ဒီတစ်ကြိမ်က ဒုတိယအကြိမ် လာတိုက်တာပါ” ဟု ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ ဗုံးကြဲမှုတွင် ဆင်ခေါင်းရွာ စာသင်ကျောင်း လုံး၀ ပြိုပျက်သွားသည်ဟု သူက ပြောကြားသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းက  သံတွဲမြို့နယ်မှ ကြံ့ခိုင်ရေးရုံး၊ စကစ စစ်သား စုဆောင်းရေးရုံး၊ ခမောင်းတုန်းကျေးရွာနှင့် ဆင်ခေါင်းရွာစသည့် နေရာ လေးခုအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ိခုက်သဖြင့် ခမောင်းတုန်းဘုန်းတော်ကြီးကျောင်းမှာ လုံး၀ ပြိုပျက်သွားပြီး ဆရာတော်ဘန္တဒဉာဏိကလည်း ဒဏ်ရာရရှိသွားခဲ့သည်။

“ အဲဒီနေ့က ခမောင်းတုန်းဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲခဲ့တယ်။ ဆရာတော် ဒဏ်ရာရသွားတယ်။ ဘုန်းတော်ကြီးကျောင်းလည်း ပျက်စီးသွားတယ်"ဟု ၎င်းကပြောကြားသည်။

သံတွဲမြို့ ကြံ့ခိုင်ရေးရုံးကို ဗုံးကြဲရာတွင် ဆယ်ကျော်သက်လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးအနားရှိ နေအိမ်များလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။ (ဓာတ်ပုံ- ဆင်ခေါင်းရွာ ဗုံးကြဲခံခဲ့ရစဉ်က/ ယခင်ပုံဟောင်း)

ဆက်စပ် သတင်းများ