- Web Master
- ၀၃ သြဂုတ် ၂၀၂၄
လူထက်နိုင် (ဒွါရာမြီ)
နိရဥ္စရာ ၊မေ ၁၅ /၂၀၂၄
မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာရှိ လူနေအိမ်များပေါ်သို့ မေလ ၁၄ ရက်နေ့တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦးသေဆုံးကာဒဏ်ရာ ပြင်းထန်သူ များပြားခဲ့ကြောင်းဒေသခံများထံမှသိရသည်။
နေ့လည် ၃ နာရီခန့် အချိန်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ်၂လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၉လုံးပျက်စီးကာ လူနေအိမ်ပေါ်ရှိ အပြစ်မဲ့ပြည်သူ ၉ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူများတွင် ရှစ်လအရွယ်နှင့် ငါးနှစ်အရွယ် ကလေးငယ်များအပါအဝင် အမျိုးသား ၃ ဦး၊အမျိုးသမီး ၄ ဦး ပါဝင်ကာ ဒဏ်ရာရသူ အများအပြား ရှိသည်ဟု သိရသည်။
“ ဘာတိုက်ပွဲမှ ဖြစ်ပွားတာလဲမရှိဘဲ အပြစ်မဲ့ပြည်သူနေအိမ်တွေပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။အိမ်၂လုံး မီးလောင်ပြာကျသွားတယ်။ အနီးနားမှာရှိတဲ့ လူနေအိမ် ၉လုံးလဲ ရစရာမရှိအောင်ပျက်စီးသွားတယ်။ လက်ရှိအချိန်ထိ လသွားအရွယ် ကလေးငယ်တွေပါဝင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
တောမရွာဘုန်းတော်ကြီးကျောင်း၌ ဆောမြို့နယ် လူသားချင်းစာနာမှုတာဝန်ခံက ထောက်ပံ့ကူညီရေးများပေးဝေနေသည့် နေရာနှင့် ပေ ၅၀ ကျော်အကွာသို့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ယခုအကြိမ်သည် ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီ၏ ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးပြီးခဲ့သည့် မေလ ၉ ရက်နေ့ နံနက် ၁၁နာရီခန့်ကလည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂၀ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ဓာတ်ပုံ-CJ