ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး (၂၀) ရက်မြောက်နေ့ ရက္ခိုင့်တပ်တော်က ဆင်နွှဲနေသည့်တိုက်ပွဲများနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် (၂၀) ရက်မြောက်နေ့  တစ်နိုင်ငံလုံး တိုက်ပွဲများနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA, TNLA နှင့် AA)က  နိုဝင်ဘာ ၁၅ ရက် ည (၁၁:၄၀) အချိန် ထုတ်ပြန်ရာတွင်  ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများကို  ဆက်လက် ဆင်နွှဲဖော်ဆောင်နေကြောင်း ဖော်ပြထားသည်။

၎င်းတိုက်ပွဲများမှာ မောင်တောမြို့နယ်နှင့် ပလက်၀မြို့နယ်များတွင် ဖြစ်ပွားနေသည် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၅) နာရီ(၃၆) မိနစ်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည် ကျေးရွာ၏ အရှေ့မြောက် (၃.၃) ကီလိုမီတာအကွာအဝေး၌ လက်နက်ချအညံ့မခံသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှလိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကာ စစ်ကား(၁) စီးအား ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း (နခခ-၇) လက်အောက်ခံ၊ ငခူရနယ်မြေ (၅) မိုင်အနီး၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။


နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင့်တပ်တော်သည် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာ နေရာယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချဗျူဟာတပ်စခန်း (၂) ခုအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် လည်း ဒုတိယနေ့အဖြစ် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးဆင်နွှဲလျက်ရှိသော နေရာဒေသများနှင့် ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲလျက်ရှိသော ဆက်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရန်သူသည် လေကြောင်းပစ်ကူမှုများကို အဓိကအားထား၍ တိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများ ကိုလည်း ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့ လာရောက်ပစ်ခတ်လျက်ရှိသည်ဟုဆိုသည်။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်ဒေသများ အပါအဝင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်များတွင် စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင်အထည်ဖော်နေလျက် ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (NN-30)

ဆက်စပ် သတင်းများ