- Web Master
- ၀၇ ဇွန် ၂၀၂၄
ခိုင်လင်း
စစ်တွေ၊ ဇွန် ၁၈ / ၂ဝ၁၉
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အောင်ချက်ရာနှုန်း ၅၂ ဒသမ ၇၈ ဖြင့် ရခိုင်ပြည်နယ်တွင် ပထမရသည့်စစ်တွေအထက (၄)မှ ဆရာ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုပွဲကို ဇွန်လ ၁၆ ရက်နေ့က စစ်တွေမြို့ အထက (၄) တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းဂုဏ်ပြုပွဲကို အထက (၄) ကျောင်းသား/ သူဟောင်းများကော်မတီမှ စီစဉ် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
အထက(၄) ကျောင်းသားဟောင်းကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုတင်ငြိမ်းဦးက “ ကျွန်တော်တို့အထက (၄) ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော် ကာလကဆိုရင် ရခိုင်တစ်ပြည်နယ်လုံးမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးအောင်မြင်ခဲ့တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ကျောင်းသားဦးရေလည်း တစ်ဖြည်းဖြည်း လျော့လာသလို ကျောင်းရဲ့ ထွန်းလင်း တောက်ပမှုတွေလည်း တစ်ဖြည်းဖြည်း မှေးမှိန်လာခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က စပြီး ဆရာကြီး ဦးဝင်းမောင်လက်ထက်မှာ တစ်ကျော့ပြန်ပြီး အောင်မြင်လာခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း ဆိုရင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပထမ အောင်ချက် အကောင်းဆုံး အဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည် လာနိုင်ခဲ့ပါတယ်။ ဒီလို ရပ်တည်နိုင်တဲ့ အတွက် ဝမ်းမြောက် ဝမ်းသာနဲ့ ကျောင်းသား ကျောင်းသူ ဟောင်းများ ကော်မတီက ခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုရတာဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
အခမ်းအနားတွင် အထက (၄) ကျောင်းသား ကျောင်းသူဟောင်းကော်မတီ အနေဖြင့် အထက(၄) မှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများကို ဂုဏ်ပြုခဲ့သလို ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ကို ကျပ်ငွေ ၁ဝ၈ဝဝဝဝ တန်ဖိုးရှိသည့် ရွှေစင်တစ်ကျပ်သား ချီးမြှင့်ခဲ့သည်ဟု သိရသည်။
“ ကျွန်တော်တို့ အနေနဲ့ ဒီလိုအောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကျောင်းသားမိဖ၊ ဆရာ ဆရာမတွေ၊ ကျောင်သူ ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းများ ကော်မတီ လေးဦးလေးဖွဲ့ ကနေ အောင်မြင်မှုကို ရရှိအောင်လည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကိုတင်ငြိမ်းဦးက ဆက်လက် ပြောဆိုသည်။
၂၁ဝ၉ ခုနှစ် တက္ကသိုလ်ဝင်တန်းကို အထက (၄) မှ ကျောင်းသား ကျောင်းသူ ၁၃ဝ ဖြေဆိုခဲ့ပြီး ယင်းအထဲမှ ၇၆ ဦးအောင်မြင်ခဲ့သည်။
“ ကျောင်းသား/ သူဟောင်းတွေပြုလုပ်မယ့် ၂ဝ၁၉ ခုနှစ် အာစရိယပူဇော်ပူဇော်ပွဲမှာလည်း ထူးချွန် ကျောင်းသားတွေကို အထူးဂုဏ်ပြုဖို့ရှိပါတယ်။ ဒီနှစ်တက်ရောက်လာတဲ့ ၉နဲ့ ၁ဝ တန်းကျောင်းသား/သူ တွေကိုလည်း အောင်မြင်မှုတွေကိုမျှဝေခံစားဖို့ ရှင်းပြဖို့ ရှိပါသေးတယ်။တစ်ချိန်က ကြီးမားအောင်မြင်ခဲ့တဲ့ သမိုင်းကို ကျောင်းသားသစ်တွေအနေနဲ့ ထိန်းသိမ်းကြဖို့ ကြိုးစားကြဖို့ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။
ဂုဏ်ပြုပွဲသို့ ဆရာဆရာမများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ အပါအဝင် လူပေါင်း ၂ဝဝ ကျော်တက်ရောက်ခဲ့ပြီး နေ့လယ် ၁နာရီက စတင်ကျင်းပခဲ့သော ဂုဏ်ပြုပွဲမှာ ညနေ ၃နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။