ရခိုင်တွင် ကျောင်းအပ် စတင်လက်ခံသည့်ပထမနေ့၌ ကျောင်းသား ၈ သောင်းကျော် လာရောက်အပ်နှံ
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၂၇ မေ ၂၀၂၂
-
| ကြည့်ရှုသူ:
2.1k
ရခိုင်ပြည်နယ်တွင် ကျောင်းအပ် စတင်လက်ခံသည့်ပထမနေ့၌ ကျောင်းသူ/သား ၈ သောင်းကျော် လာရောက်ကျောင်းအပ်နှံခဲ့သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယနေ့ မေလ ၂၆ ရက် တစ်ရက်တည်း၌ လာရောက်ကျောင်းအပ်နှံခဲ့သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းသူ၊ ကျောင်းသားစုစုပေါင်းမှာ ၈၅,၄၉၄ ဦးရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်း(ကျောက်ဖြူ)တို့မှပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဥ္စရာကိုပြောသည်။
“ဒီနှစ် ရခိုင်မှာ ကျောင်းသား ၅ သိန်းကျော်ဝင်မယ်လို့ မှန်းထားတယ်။ ဒီနေ့တော့ ၈ သောင်းကျော်ပဲ ဝင်တယ်လေ”ဟု ပြောသည်။
ယခုကျောင်းအပ်လာသူများတွင် အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသား ၅၃၉၈၅ ဦး၊ အလယ်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသား ၂၁၂၅ဝ ဦးနှင့် မူလတန်းကျောင်းသူ၊ ကျောင်းသား ၁ဝ၂၅၉ ဦးတို့ပါဝင်သည်ဟု သိရသည်။
၄င်းတို့ကို အခမဲ့ကျောင်းအပ်လက်ခံခဲ့ခြင်းဖြစ်ပြီး အထက်တန်းနှင့်အလယ်တန်းကျောင်းသူ၊ ကျောင်းသားများကို ပုံနှိပ်စာအုပ် ၁ စုံစီထောက်ပံ့ကာ မူလတန်းများကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ယနေ့မှစတင်ကာ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၂ ရက်တွင် ကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွင်း ရခိုင်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကိုဖွင့်လှစ်သွားမည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂ဝ၁၇ ခုနှစ်မှစတင်ကာ ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့တွင်ပိတ်ထားရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကိုမူ ယခုနှစ်တွင်လည်း ဖွင့်လှစ်နိုင်ဦးမည်မဟုတ်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။ (NN-2)