တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် လေပြင်းကြောင့်ပြိုကျခဲ့သည့်ကျောင်းဆောင်အား ပြန်မဆောက်နိုင်သေး၍ ကျောင်းသားများ မြေကြီးပေါ်တွင် စာသင်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လေပြင်းကြောင့်ပြိုကျခဲ့သည့် လမ်းမစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များမှာ ကျောင်းဆောင်ပြန်လည်ဆောက်လုပ်နိုင်ခြင်းမရှိသေးသည့်အတွက် မြေကြီးပေါ်တွင် စာသင်နေကြရကြောင်း သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသား ၁၆၄ ဦးပညာသင်ကြားနေသည့် ကျောင်းဆောင် ၂ ဆောင်မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး ကျောင်းသားများ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဟု သိရသည်။
လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်စခန်းမှ မူလတန်းကျောင်းသား ၁ဝဝ ကျော်မှာ မြေကြီးပေါ်တွင် စာသင်နေကြရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်ဝင်းက နိရဥ္စရာအားပြောသည်။
“မြေကြီးပေါ်မှာ စာသင်နေရတော့ ကလေးတွေက ဖုန်တွေနဲ့စာသင်နေကြရတယ်။ ကျန်းမာရေးထိခိုက်နိုင်တာပေါ့။ ငွေရှိရင်တစ်ပတ်အတွင်းဆောက်လို့ရတယ်ဆိုပေမယ့် ကျွန်တော်တို့မှာငွေမရှိဘူး။ အလှူငွေလည်းမရှိဘူး” ဟုပြောသည်။
အဆိုပါစာသင်ကျောင်းဆောင်များမဆောက်နိုင်သေးသည့်အတွက် အဆိုပါကျောင်းမှ အလယ်တန်းကျောင်းသားများသည် ဘူးသီးတောင် အ၊ထ၊က(၃)တွင် ပြောင်းရွှေ့သင်ကြားနေရကြောင်း သူက ဆက်ပြောသည်။
ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ကျောင်းသားမိခင်တစ်ဦးဖြစ်သူ ဒေါ်မကျော့လှက “သဲမြေပေါ်မှာထိုင်သင်နေကြရတယ်။ ဖုန်တွေထပြီးတော့။ အဆောင်လည်းမရှိတော့ဘူးဆိုတော့ ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတယ်။ ကျောင်းအသစ်လိုပါတယ်။ တတ်နိုင်ရင် ကူညီပေးကြစေချင်တယ်” ဟုပြောသည်။
၎င်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် ငွေကျပ် သိန်း ၅ဝ ခန့်ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်စန်း၌ ဘုံစုငွေ ၁ဝ သိန်းကျပ်ခန့်စုထားကြသော်လည်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန်လုံလောက်မှုမရှိသေးဟု ဆိုကြသည်။
ကျောင်းဆောင်များအား ပြန်လည်ဆောက်လုပ်နိုင်ခြင်းမရှိပါက လာမည့် စာသင်နှစ်တွင် ကလေးငယ်များစာသင်ကြားနိုင်ရေး အခက်အခဲရှိလာမည်ဖြစ်ကြောင်း စစ်ဘေးရှောင်ကျောင်းသားမိဘများက ပြောသည်။
ဘူးသီးတောင်မြို့ (၂) ရပ်ကွက်ရှိ အဆိုပါလမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာ၊ ဘူးသီးတောင်မြို့နယ် နွားရုံတောင်၊ စံဂိုးတောင်၊ သရက်ပြင်၊ သျှသျှားတောင်စသည့် ကျေးရွာ ၁၆ ရွာမှ လူဦးရေ ၁၃၅၁ ဦးခိုလှုံနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ