တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပြန်ပေးဆွဲသမားများကို ပေးခဲ့ရသည့်ငွေများအတွက် မောင်တောဆရာ၊ ဆရာမများ၏လစာမှ ကျပ် ၁ သောင်းစီဖြတ်တောက်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

နိရဥ္စရာ၊ ဇူလိုင် ၁/ ၂ဝ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးလွတ်မြောက်ရေး ပြန်ပေးဆွဲသမားများထံပေးဆောင်ခဲ့ရသည့် ငွေများအတွက် ဆရာ၊ ဆရာမများ၏လစာမှ ကျပ် ၁ သောင်းစီဖြတ်တောက်ခံခဲ့ရသည်ဟု ဆရာ၊ ဆရာမများက ပြောသည်။
ယမန်နေ့ ဇွန်လ ၃ဝ ရက် လစာထုတ်စဉ်တွင် မောင်တောမြို့နယ်အတွင်းမှ ဆရာ၊ ဆရာမများထံမှ တစ်ဦးလျှင် ကျပ် ၁ သောင်းစီကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့နယ်မှ အမည်မဖော်လိုသည့်ဆရာမတစ်ဦးက ပြောသည်။
“ပြန်ပေးဆွဲခံရတဲ့ ဆရာ၊ ဆရာမအတွက်ဆိုပြီး ဒီလမှာ ဆရာ၊ ဆရာမဝန်ထမ်းတစ်ယောက်စီက ငွေ ၁ သောင်းကောက်ခံတယ်။ ဒီလမှာ သိန်း ၁၄၁ သိန်းနဲ့ ၆ သောင်းရတယ်လို့ သိရတယ်။ နောက်လတွေလည်း အထက်ကတိုင်ပင်ပီးမှ ဖြတ်မဖြတ်သိရမှာပါ" ဟု ပြောသည်။
မောင်တောမြို့နယ်မှ နောက်ထပ် ကျောင်းအုပ်ဆရာကြီးတစ်ဦးကလည်း ပြန်ပြေးဆွဲခံခဲ့ရသည့် ဆရာ၊ ဆရာမ ၂ ဦးအတွက် ၄င်းထံမှ ကျပ် ၂၅ဝဝ သာအဖြတ်ခံခဲ့ရပြီး ပင်စင်ကြေးများနှင့် အခြားကြေးများဖြင့်ပေါင်းမှသာ ကျပ် ၁ သောင်းအဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်ကို နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ပြန်ပေးဆွဲသမားများအားပေးခဲ့ရသည့်ငွေများအတွက် ယခုကဲ့သို့ ကျပ် ၁ သောင်းစီဖြတ်တောက်မှုမရှိဟု ပြောသည်။
“ကျွန်တော်တို့ ဆရာ၊ ဆရာမ လစာက လုံးဝဖြတ်တောက်ခြင်းမရှိပါဘူး။ အဲ့လိုပြောတာတွေက အများကြီးပါ။ ဆရာ၊ ဆရာမ ပြန်ပေးဆွဲတာနဲ့ပတ်သတ်ပြီး လွတ်မြောက်အောင် ကြိုးစားပမ်းစားနဲ့ ဆောင်ရွက်ပေးရတဲ့အပြင် ပြန်လို့လွတ်မြောက်လာတဲ့အချိန်မှာလည်း ဒီလိုမေးမြန်းခြင်းတွေခံနေရတဲ့အတွက် စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ အမှန်တရားဆိုတာ ဖုုံးကွယ်လို့မရပါဘူး။ ပြန်ပေးဆွဲခံရတဲ့ ဆရာဘိုဝင်းနဲ့ ဆရာမဥမ္မာကျော်တို့နှစ်ယောက် လွတ်မြောက်ရေးအတွက် ကုန်ကျငွေတွေကို အထက်က ဌာနဆိုင်ရာအကြီးအကဲတွေရဲ့လမ်းညွန်ချက်အရ ကျွန်တော်တို့ဆောင်ရွက်ပေးနေတာပါ”ဟု ပြောသည်။
ပြန်ပေးဆွဲခံလိုက်ရသူများမှာ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်သည်။
သူတို့သည် ဇွန်လ ၁၆ ရက်က သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ရုံးကိစ္စဖြင့် သွားစဉ် လမ်းတွင် ပြန်ပေးဆွဲခံလိုက်ရခြင်းဖြစ်သည်။
ပြန်ပေးဆွဲပြီးနောက် သူတို့ ၂ ဦးလွတ်မြောက်ရေးအတွက် ပြန်ပေးဆွဲသမားများကို မြန်မာငွေ ကျပ်သိန်း ၁ဝ၄ဝ လွှဲပြောင်းပေးခဲ့ရသည်ဟု ရခိုင်ပြည်နယ်အစိုးရ၏သတင်းပေ့ရှ်တစ်ခုဖြစ်သည့် ရခိုင်နေ့စဉ်တွင် ထုတ်ပြန်ခဲ့သည်။ (NN-13)
ဓာတ်ပုံ - မောင်တောမြို့နယ်ပညာရေးမှူးရုံးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ