သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် အဖမ်းအဆီးအစစ်အဆေးများရှိနေ၍ TA နှင့် LT လျှောက်လွှာများ ထုတ်မပေးနိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၂
ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ
(Teacher Assistant -TA)နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမများ (Language Teacher - LT)များ လျှောက်ထားရန် ရက်အလွန်နီးကပ်နေပြီဖြစ်သော်လည်း လတ်တလော အဖမ်းအဆီးအစစ်အဆေးများရှိနေ၍ လျှောက်လွှာများကို ထုတ်မပေးနိုင်သေးဟု သိရသည်။
ယခုနှစ်ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် TA နှင့် LT လျှောက်ထားလိုသူများအနေဖြင့် ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ ပြည်နယ်နှင့် မြို့နယ်ပညာရေးမှူးရုံးများထံမှ လျှောက်လွှာများကို အခမဲ့ရယူကာ လျှောက်ထားနိုင်သည်ဟု တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာနက ဇွန်လ ၁၆ ရက်မှစတင် ထုတ်ပြန်ထားသည်။
သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေစသည့်မြို့များ၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အဖမ်းအဆီးများရှိနေသေး၍ ပြည်နယ်ပညာရေးမှူးနှင့် ညှိနှိုင်းပြီးမှသာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် လျှောက်လွှာများ လက်ခံရရှိရေး စီစဉ်ဆောင်ရွက်နေသည်ဟု စစ်တွေရှိ ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က နိရဉ်ဇရာကို ပြောသည်။
ညှိနှိုင်းပြီးတဲ့အခါမှသာ မြို့နယ်ပညာရေးမှူး
ရုံးတွေကနေ လျှောက်လွှာတွေအခမဲ့ထုတ်ယူပြီး လျှောက်ထားလို့ရမှာပါ ဟု ပြောသည်။
မည်သည့်အချိန် ညှိနှိုင်းပြီးမည်ကို မပြောနိုင်သေးဟုလည်း ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ပညာရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝးတက်နေရသေးသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
လျှောက်ရမည့်ရက်ကလည်း အလွန်နီးကပ်နေပြီဖြစ်ပြီး ပြည်နယ်/မြို့နယ်ပညာရေးမှူးရုံးများမှ လျှောက်လွှာများထုတ်ယူ၍မရသေးသလိုအဖမ်းအဆီးအစစ်ဆေးများလည်း ရှိနေဆဲဖြစ်၍ လျှောက်ထားလိုသူများတွင် အခက်အခဲဖြစ်နေရသည်ဟု ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာမှ TA လျှောက်လိုသူတစ်ဦးက နိရဉ်ဇရာကို ပြောသည်။
"အခက်အခဲတွေကတော့ အခုက တစ်မြို့နဲ့တစ်မြို့သွားလာဖို့ အဆင်မပြေဘူး။ စစ်ဆေးရေးဂိတ်တွေလည်း အများကြီးရှိတယ်။ လေဘာကတ်တွေ၊ ဆေးလက်မှတ်တွေ ထုတ်ယူရတဲ့အခါလည်း လူတွေအများကြီးမို့ စောင့်နေရတဲ့အချိန်တွေလည်းကြာတယ်။ ညနေ ၃ နာရီလောက်မှရတယ်။ လျှောက်လွှာတွေတင်ပြီးတဲ့အထိဆိုတော့ အချိန်က နေဝင်သွားတဲ့အခြေအနေတွေလည်း ဖြစ်သွားနိုင်တယ်။ အခုက လမ်းအခြေအနေတွေနဲ့ဆိုတော့ TA လျှောက်ဖို့တော့ မသွားလာရဲသေးဘူး"ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇-၁၈ ပညာသင်နှစ်မှ ယခုနှစ်အထိ ခန့်အပ်ပြီးသော TA၊ LT ဆရာ၊ ဆရာမ ၂၆၉၇ ဦးခန့်အပ်ပြီးဖြစ်သည်ဟု ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က နိရဉ်ဇရာကို ပြောသည်။ (NN-12)

ဆက်စပ် သတင်းများ