တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

ထက်အောင်
နိရဉ္စရာ၊ ဇန်နဝါရီ ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီကျော်လောက်က စက်သုံးဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဓာတ်ဆီဆိုင်မှာ တောင်ကုတ်မြို့၊ တက္ကသိုလ်ရှေ့ ရှိ စိန်ပန်းတိုင် စက်သုံးဆီဆိုင်ဖြစ်ပြီး မီလောင်သည့်အကြောင်းအရင်းကို မသိကြောင်း တောင်ကုတ်မြို့ ရှင်သန်ရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးထံမှ တဆင့် သိရသည်။
တောင်ကုတ်မြို့၊ ရှင်သန်ရေးကူညီမှုအသင်းမှ ကိုညိုမင်းအောင်က “ဘယ်ကစလောင်တယ်ဆိုတာ မသိသေးဘူး။ ကျနော်တို့ လူတွေနဲ့ မီးသတ်ကားတွေနဲ့ ငြိမ်းနေတုန်းပဲ။ မီးသတ်ကားက လေးစီးလောက် ပါမယ်ထင်ပါတယ်။ မီးလောင်တာကတော့ ဆီဆိုင်ဖြစ်တဲ့အတွက် များပါတယ်။ လောလောဆယ် တစ်ဆိုင်တည်းပဲလောင်တာပါ။ တခြားမီးကူးစက်လောင်ကျွမ်းတာမျိုးမရှိပါဘူး” ဟု ပြောသည်။
မီးလောင်ကျွမ်းမှုကို တောင်ကုတ်မြို့ဒေသခံများနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ မီသတ်ကား (၆) စီးနှင့် စစ်တပ်မှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ မီးကတော့ အားလုံးငြိမ်းသွားပါပြီ။ ကျန်တဲ့သတင်းတွေတော့ မသိသေးပါဘူး။ အခုတော့ မီးကြွင်းမီးကျန်တွေကို ရှင်းနေတုန်းပါပဲ။ ဆုံးရှုံးမှုတန်ဖိုးတွေလည်း မသိရသေးပါဘူး” ဟု ပြောသည်။
ခြောက်သွေ့ရာသီရောက်လာပြီ ဖြစ်သဖြင့် မီးမပေါ့ဆကြရန်နှင့် မီးသတိ ရှိကြရန် မီးသတ်ဌာနက ပြည်သူများသို့ ဆော်ဩမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ