တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ၈ ရက်အတွင်း မီးလောင်မှုကြောင့် မျက်မမြင်အဖွားအို ၁ ဦးသေဆုံးပြီး နေအိမ် ၈ လုံးနှင့် စပါးကျီ ၂ လုံး ဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၁/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် တစ်ပတ်အတွင်း မီးလောင်မှုဖြစ်၍ အသက် ၈၉ နှစ်အရွယ် မျက်မမြင်အဖွားအို ၁ ဦးသေဆုံးပြီး နေအိမ် ၈ လုံးနှင့် စပါးကျီ ၂ လုံး ဆုံးရှုံးသွားသည်ဟု သိရသည်။
အဆိုပါမီးလောင်မှုများမှာ ဖေဖော်ဝါရီလ ၄ ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်အတွင်း မြေပုံ၊ သံတွဲ၊ ပေါက်တော၊ စစ်တွေနှင့် မြောက်ဦးစသည့် မြို့နယ် ၅ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း မြေပုံမြို့နယ် ဘာဝေကျေးရွာတွင် ဦးဇော်ဝင်းဦး၏ နေအိမ်မီးဖို၌ထမင်းချက်ရာမှ ကျန်ခဲ့သည့် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ဦးဇော်ဝင်းဦး၏ဇနီးဒေါ်ဇင်မာဦးက နိရဥ္စရာအားပြောသည်။
“ကျွန်မအမျိုးသားလည်း အလုပ်သွားတယ်။ ကျွန်မလည်း အိမ်မှာမရှိနေဘူး။ မီးဖိုကနေလောင်တာပါ။ စပါးကျီတွေလည်း ပါသွားတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုတည်းကျန်ခဲ့တယ်။ ၃ အိမ်လုံးမှာ ဘာမှမရလိုက်ပါဘူး။ ဘယ်မှာနေလို့ ဘာလုပ်ရမလဲရှင်။ ဘာမှ မရှိတော့ပါဘူး” ဟုပြောသည်။
မီးလောင်မှုကြောင့် အဆိုပါကျေးရွာမှ ဦးဇော်ဝင်းဦး၊ ဦးမောင်သန်းဝင်းတို့၏ နေအိမ်များနှင့် စပါးကျီများအပါအဝင် ဦးဝင်းမိုးကျော်၏နေအိမ်လည်း မီးလောင်သွားခဲ့သည်ဟု သိရသည်။
မီးလောင်မှုကြောင့် နေအိမ် ၃ လုံးနှင့်အတူ ဦးဇော်ဝင်းဦး၏စပါးကျီမှ စပါးအိတ် ၁ဝဝ နှင့် ဦးမောင်သန်းဝင်း၏ နေအိမ်မှ စပါးအိတ် ရဝ ခန့်မှာ မီးလောင်ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် မီးလောင်မှုကြောင့် လူ ၁၄ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြကြောင်း ဘားဝေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီချေက ပြောသည်။
“အခုလောလောဆယ်တော့ ဆွေမျိုးတွေအိမ်တွေမှာ နေဖို့ ပို့ထားပေးတယ်။ အဝတ်အစားကအစ စပါးတွေလည်း ဘာတစ်ခုမှ မရလိုက်ဘူး”ဟု ပြောသည်။
မီးလောင်မှုဖြစ်ခဲ့သည့်ရွာတွင် ချင်းလူမျိုးများနေထိုင်သည်ဟု သိရသည်။
ရခိုင်တွင် ယခု ဖေဖော်ဝါရီလ ၄ ရက်မှ ၁၁ ရက်အတွင်း မြေပုံမြို့နယ်တွင် နေအိမ် ၃ လုံးနှင့် စပါးကျီ ၂ လုံး၊ သံတွဲမြို့နယ်တွင် နေအိမ် ၁ လုံး၊ စစ်တွေမြို့တွင် နေအိမ် ၂ လုံး၊ ပေါက်တောမြို့နယ်တွင် နေအိမ် ၁ လုံး၊ မြောက်ဦးမြို့နယ်တွင် နေအိမ် ၁ လုံးနှင့် အသက် ၈၉ နှစ်အရွယ် မျက်မမြင်အဖွားအိုတစ်ဦး မီးလောင်ဒဏ်ရာဖြင့်သေဆုံးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ