တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ် အဝပြင်ကျေးရွာတွင် ဆရာ၊ ဆရာမ ၂ဝ ကျော်နေထိုင်သည့် အဆောင် ၃ ဆောင်နှင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းနက်အုပ်စုရှိ အဝပြင်ကျေးရွာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ ၂ဝ ကျော်နေထိုင်သည့် အဆောင် ၃ ဆောင်နှင့် နေအိမ် ၁ လုံးမှာ ယနေ့ နေ့လယ်က မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၂ နာရီခန့်က အဝပြင်အထကကျောင်းအုပ်ဆရာကြီး ဦးသန်းအောင်နေထိုင်သည့် နေအိမ်အဆောင်မှ စတင်လောင်ကျွမ်းပြီး ဆရာ၊ ဆရာမနေထိုင်သည့် နောက်ထပ် အဆောင်(၂)ဆောင်နှင့် အနီးရှိ နေအိမ် ၁ လုံးတို့ကိုပါ ကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း အဝပြင်ကျေးရွာ ရပ်မိ၊ ရပ်ဖဖြစ်သူ ဦးထွန်းကျော်လှက နိရဥ္စရာအားပြောသည်။
“မီးသတ်ကားရောက်တဲ့အချိန်မှာ သိပ်လောင်သွားပြီ။ ဇင်ချောင်းနဲ့စနဲက မီးသတ်ကားတွေရောက်ပြီး ညနေ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်” ဟုပြောသည်။
မီးလောင်မှုကြောင့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ ၂၂ ဦးတို့၏ပစ္စည်းများအားလုံးနှင့်အတူ ဆိုင်ကယ် ၃ စီးလည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးကြောင်း ဦးထွန်းကျော်လှက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇင်ချောင်းနှင့် စနဲမီးသတ်တပ်ဖွဲ့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။
ရခိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်မှ ၈ ရက်အတွင်း မြေပုံမြို့နယ်မှ နေအိမ် ၃ လုံး၊ သံတွဲမြို့နယ်တွင် နေအိမ် ၁ လုံး၊ စစ်တွေမြို့မှ နေအိမ် ၂ လုံး၊ ပေါက်တောမြို့နယ်တွင် နေအိမ် ၁ လုံးနှင့် မြောက်ဦးမြို့နယ်တွင် နေအိမ် ၁ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မြောက်ဦးမြို့မှ အသက် ၈၉ နှစ်အရွယ် မျက်မမြင်အဖွားအိုတစ်ဦးလည်း မီးလောင်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
နွေဦးကာလရောက်ရှိလာသည်နှင့်အမျှ ရခိုင်တွင် မီးလောင်မှုများဆက်တိုက်ဖြစ်လာနေ၍ မီးသတိပြုရန် သတိပေးချက်များ လုပ်ဆောင်မှုလိုအပ်လျက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - မျိုးရခိုင်

ဆက်စပ် သတင်းများ