တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်၊ မဟာမုနိရွာတွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 533

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၃ 

 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားရွာတွင် ယမန်နေ့ ည ၉ နာရီခန့်က  စျေးဆိုင်ခန်း တစ်ခု မီးလောင်ဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သိရသည်။ 

 

သေဆုံးသွားသူမှာ ဆိုင်တွင်အိပ်နေသည့် ဒေါ်လှသိန်းနု၏သား အသက် (၃၀)ကျော်အရွယ် ကိုမောင်သန်းစိုးဖြစ်သည်။

 

"မဟာမုနိရွာ ထွက်ဝ ဆီဆိုင်နားက မုန့်တီ၊ထမင်းကြော်ရောင်းပြီး နေတာ မီးလောင်ပြီး သားတစ်ယောက် သေသွားတယ်။ တခြားအိမ်တွေတော့ ကူးတာမရှိဘူး။ ဘယ်က စလောင်မှန်းလည်းမသိဘူး။ ခဏပဲကြာတယ်။ သွားကြည့်တော့ ခြေထောင်ပြီး သေနေတာတွေ့တယ်။  မီးသတ်ကားလာတော့ မီးသတ်လို့ကပြီးသွားပြီ"ဟု ပြောသည်။ 

 

ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သို့စတင်လောင်ကျွမ်းသည်ကို သေချာမသိရသေးကြောင်း ဒေသခံများ ဝိုင်းဝန်းငြိမ်းသက်မှုကြောင့် တခြားနေအိမ်များသို့ ကူးစက်သွားခြင်းမရှိကြောင်း သိရသည်။ 

 

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ကျောက်လှပြင်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းဝင်းတွင်မီးလောင်မှုဖြစ်ပွားကာ အသက်(၇၂) နှစ်အရွယ်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရသည်။

 

ခြောက်သွေ့ရာသီရောက်လာပြီဖြစ်သဖြင့် ပြည်သူများ မီးမပေါ့ဆရန်နှင့် မီးသတိထားကြရန် လိုအပ်ကြောင်း သက်ဆိုင်ရာ မီးသတ်ဌာနက သတိပေးမှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

 

(NN-7)

(ဓာတ်ပုံ-ကိုစံသိန်း)

ဆက်စပ် သတင်းများ