တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

ငပလီတွင် လေပြင်းတိုက်ခတ်၍ ငါးဖမ်းစက်လှေ ၁ စီးနှင့် နေအိမ် ၂ လုံး ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.2k

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် ပြီးခဲ့သည့် ညဥ့်က လေပြင်းတိုက်ခတ်၍ ငါးဖမ်းစက်လှေ ၁ စီးနှင့် နေအိမ် ၂ လုံး ပျက်စီးသွားဟု သိရသည်။
ယနေ့ သြဂုတ်လ ၁၈ ရက် နံနက်အစောကြီး ညဥ့် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းစပ်တွင် ကျောက်ချရပ်နားထားသည့် ငါးဖမ်းစက်လှေ ၁ စီးသည် လေဖြင့်ကမ်းခြေသို့ပါးလာကာ ကျောက်ဆောင်နှင့် တိုက်မိ၍ နှစ်ပိုင်းကျိုးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းစက်လှေမှာ ငပလီမြို့ ဂျိတ္တောရပ်ကွက်မှ ဦးဝင်းရွှေ(ခေါ်)ဦးညီပု၏စက်လှေဖြစ်ပြီး အလျား ၃၉ ပေ၊ အနံ ၈ ပေ၊ ဇောက် ၄ ပေရှိသည့် ငါးဖမ်းစက်လှေတစ်စီးဖြစ်သည်ဟု ဂျိတ္တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က နိရဥ္စရာသတင်းဌာနကိုပြောသည်။
“နှစ်ပိုင်းကျိုးသွားတယ်လှေက။ ဘာမှသုံးစားမရတော့ဘူး အဲလှေက။ စက်တွေဘာတွေ၊ ပိုက်တွေ အကုန်လုံးဖြုတ်သယ်ပြီးပြီ” ဟုပြောသည်။
ယင်းအပြင် လေပြင်းတိုက်ခတ်သည့် အရှိန်ကြောင့် ဂျိတ္တောရပ်ကွက်မှ အိမ် ၂ လုံးမှာလည်း အုန်းပင်ပိမိ၍ မိုးထားသည့် အမိုး အနည်းငယ်ပျက်စီးသွားသည်ဟု သူက ဆက်ပြောသည်။
“အိမ် ၂ လုံး အုန်းပင်ကျိုးပြီးပိတယ်လေ။ ခြေတံရှည်အိမ် နှစ်ထပ်တစ်လုံး၊ ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုးတစ်အိမ်။ ကျန်တစ်အိမ်ကတော့ မြေစိုက် ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုး။ အနည်းအကျဉ်းပါသွားတာ။ နှစ်အိမ်က ကပ်ရပ်။ ကန့်လန့်ဖြတ်ပြီး ပိတာပေါ့။ တစ်ဖက်အိမ်မှာတော့ အိပ်ခန်း၊ နှစ်ထပ်အိမ်မှာတော့ ဘေးက ဝရံတာ၊ လှေကားခုံပေါ့” ဟုဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူများ ထိခိုက်ဒဏ်ရာရသည်များ မရှိဟု သိရသည်။
ယနေ့ သြဂုတ်လ ၁၈ ရက် နံနက် အစောကြီး ညဉ့် ၁ နာရီခွဲခန့်တွင် သံတွဲမြို့ပေါ်မှ အရှေ့လေပွေလှိုင်းဖြတ်သန်းသွားသည့်အတွက် ယခုကဲ့သို့ လေပြင်းများတိုက်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အရှေ့လေပွေလှိုင်းသည် ယမန်နေ့ သြဂုတ်လ ၁၇ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် မြန်မာနိုင်ငံပေါ်မှ ဖြတ်သန်းကာ ယခုဆိုလျှင် ဘင်္ဂလားပင်လယ်အော်သို့ရောက်ပြီး အနောက်တောင်မုတ်သုံလေနှင့်တွေ့ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီဖြစ်သည်။
၎င်းလေဖိအားနည်းရပ်ဝန်းသည် နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၁ဝ နာရီခွဲတွင် ထုတ်ပြန်ထားသည်။ (NN-3)

ဆက်စပ် သတင်းများ