တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

မုန်တိုင်းငယ်(Depression) မောင်တောမြို့မှ ရေမိုင် ၁၄ဝ ခန့်နှင့် စစ်တွေမြို့မှ ရေမိုင် ၁၇ဝ ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ သြဂုတ် ၁၉ / ၂ဝ၂၂
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်(Depression)သည် ရခိုင်ပြည်နယ် မောင်တောမြို့မှ ရေမိုင် ၁၄ဝ ခန့်နှင့် စစ်တွေမြို့မှ ရေမိုင် ၁၇ဝ ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေသည်ဟု မိုး/ဇက ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ထုတ်ပြန်လိုက်သည်။
ယနေ့ နံနက် ၄ နာရီခွဲအချိန်တိုင်းထွာချက်များအရ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၄ဝ ခန့်၊ စစ်တွေမြို့၏ အနောက်- အနောက် မြောက်ဘက်ရေမိုင် ၁၇၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုးလ်ကာတားမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ ခန့်၊ ဒီဂါမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ ခန့်နှင့် ဘလာဆောမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်ဟု မိုး/ဇလ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေ-မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေတို့တွင်ဖြစ်ပေါ်ခဲ့သော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ယခုကဲ့သို့ အဆိုပါမုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့ မွန်းတည်းမှ နောက် ၂၄ နာရီအတွင်း ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇက ခန့်မှန်းထားသည်။
ပင်လယ်ပြင်အတွင်း လှိုင်းကြီးကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေအထိရှိနိုင်သည်ဟုလည်း ဆိုသည်။
လက်ရှိတွင် မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်း လေပြင်းများတိုက်ခတ်မှုကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ