စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

မောင်တော နခခ(၅)အား AA အပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 5.6k

(စစ်ကောင်စီလေတပ်က နခခ(၅)အနီးရှိ ခရိုင်တရားရုံးနှင့် အခြားရုံးများကိုဗုံးလာကြဲ)

နောင်မင်းသူ၊ နိရဉ္စရာ၊‌ အောက်တိုဘာ ‌၁၂/၂၀၂၄

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးရှိ စစ်ကောင်စီ၏ တစ်ခုတည်းသော ကျန်ရှိသည့် နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)က အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲချကာ အပြင်းအထန် ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီဖက်ကလည်း နခခ(၅)ဝန်းကျင်အား ယမန်နေ့ အောက်တိုဘာ ၁၁ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်၌ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးလေးလုံး ကြဲချ ခုခံခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူတစ်ဦးက "AA ဖက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေတာ ကြားရတယ်။ ဒီနေ့ မနက်လည်း ပစ်နေတယ်။ မနေ့ကတစ်ညလုံးလည်း မြေပြင် တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ကြတယ်"ဟု ပြောကြားသည်။

နခခ(၅)ပတ်ဝန်းကျင်ဖြစ်သည့် ခရိုင်တရားရုံးအပါအဝင် ထိုအနီးအနားရှိ ရုံးများနှင့် ဧတေလီယာ(မွတ်ဆလင်)ရွာကိုပါ ဗုံးကြဲချခဲ့ကြခြင်းဖြစ် ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုခရိုင်တရားရုံးနှင့် အခြားရုံးများအား စစ်ကောင်စီက နခခ(၅)တပ်ရင်း၏ ကာကင်းများ အဖြစ်ပြုလုပ်ထားပြီး ထိုကာကင်းများအား ‌AA က ပြီးခဲ့သည့်ဩဂုတ်လ ၁၂ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။



နခခ(၅)တပ်ရင်းအား AA က လနှင့်ချီကြာမြင့်စွာဝိုင်းရံပိတ်ဆို့ပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသော်လည်း ယနေ့အချိန်အထိ မသိမ်းပိုက်နိုင်‌သေးဘဲရှိနေသေးကြောင်း သိရသည်။

"နခခ(၅)တပ်ရင်းကို ဘာကြောင့် အခုအထိမသိမ်းပိုက်နိုင်သေးတာလဲဆိုတော့ နခခ(၅)ထဲမှာ စကခ(၁၅)စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အမှတ်(၂၂) ခြေမြန်တပ်မ ဌာနချုပ်က ဒုတပ်မမှူးတို့ရှိနေတယ်လို့ သိရတယ်။ သူတို့ လိုအပ်တဲ့အချိန်မှာ လေကြောင်းကို အချိန်မရွေးခေါ်ယူနိုင်တယ်။ သူတို့လိုအပ်တဲ့လက်နက်နဲ့ စားနပ်ရိက္ခာတွေကို လေထီးတွေနဲ့ ချပေးခိုင်းလို့ ရနေတယ်" ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောကြားသည်။

ထိုနခခ(၅)တပ်ရင်းထဲ၌ ဘူးသီးတောင်မြို့အခြေစိုက် ခြေလျင်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များ၊ မောင်တောသို့ ကမ်းထိုး‌ရေယာဉ်ဖြင့် စစ်ကူရောက်ရှိလာခဲ့ကြသည့် တပ်မ(၂၂)နှင့် တပ်မ(၇၇)မှ အထူးကွန်မန်ဒိုများ၊‌ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၊ စစ်သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်များ အပါအဝင် စုစုပေါင်းအင်အား ၆၀၀ ခန့်ဖြင့် ခုခံနေကြကြောင်း သတင်းရင်းမြစ်မှ သိရသည်။

နခခ(၅)တပ်ရင်း ဘေးပတ်လည်၌လယ်ကွင်းပြင်များသာရှိနေပြီး တပ်ခြံစည်းရိုးအားလည်း သုံးထပ်ကာရံကာ မိုင်းမျိုးစုံ ထောင်နှင့်ချီ ထောင်ထားသည့် အတွက် AA အနေဖြင့် အနီးကပ်ထိုးစစ်ဆင်တိုက်ခိုက်ရန်ခက်ခဲနေပြီး တပ်ရင်းထဲသို့ ဝင်ရောက်သိမ်းပိုက်ရန် မလွယ်ကူ ဖြစ်‌နေရကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောဆိုသည်။

"ပထဝီအနေအထားအရ နခခ(၅)ပတ်လယ်မှာ တောင်ကုန်းတောင်တန်းတွေမရှိဘူး။ လယ်ကွင်းပြင်ကြီးဖြစ်နေတယ်။ နောက်ပြီး တပ်ရင်းခြံစည်းရိုးကိုသုံးထပ်ကာရံထားတယ်။ ခြံစည်းရိုးသုံးထပ်ကြား‌ တွေထဲမှာ မြေမြှုပ်မိုင်းအမျိုးစုံ ထောင်နဲ့ချီပြီး ထောင်ထားကြတယ်။ အဲဒါကြောင့် အာရက္ခတပ်တော်(AA)အနေနဲ့ အနီးကပ်ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ခက်ခဲနေတာ ဖြစ်တယ်"ဟု ပြောဆိုသည်။

ထိုနောက် နခခ(၅)တပ်ရင်း၏ကတုတ်ကျင်းများအား ကွန်ကရစ်တုံးများဖြင့် တည်ဆောက် ထားသလို အခိုင်အမာတည်ဆောက်ထားသည့် မြေအောက်ခန်းအချို့ပါရှိနေသည့်အတွက် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သော်လည်း ခုံခံကာကွယ်နိုင်နေခြင်းဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ထိုသို့ အခိုင်အမာတည်ဆောက်ထားပြီး အင်အားအများအပြားဖြင့် မဆုတ်တမ်းခုံခံနေကြသလို လေကြောင်းဖြင့် အပြင်းထန်ဆုံး ဗုံးကြဲမှုများပြုလုပ်ပေးနေ၍ ထို နခခ(၅)တပ်ရင်းမှာ ယခုအချိန်အထိ မသိမ်းပိုက်နိုင်ဘဲ အချိန်ကြာမြင့်နေခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

 

 

ဆက်စပ် သတင်းများ