- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၇ ရက်/၂၀၂၄
ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ ၃ မိုင်အနီး ဝေသာလီကျေးရွာအား မေလ ၇ ရက် နံနက် အစောကြီး အချိန်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ မွတ်ဆလင် လက်နက်ကိုင်များမှ ဝင်ရောက်မီးရှို့ပြီး သေနတ်ဖြင့်ပစ်ခတ်၍ အမျိုးသမီး ၁ သေနတ်ထိမှန် သေဆုံးခဲ့ရကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
သေနတ်ပစ်ခံရပြီးသေဆုံးခဲ့သည့် အမျိုးသမီးမှာ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာမှ ကိုအဝင်းချေ ၏ ဇနီးဖြစ်သူ မမေကြီးမ အသက် (၃၀) နှစ်ဖြစ်သည်။
"ဒီနေ့မနက် အာရုံ ၁ နာရီကျော်မှာ နခခ(၅)က ကျေးရွာအတွင်းကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခဲ့တယ်။ မနက် အစောကြီး ညဉ့် ၂ နာရီလောက်မှာ မွတ်ဆလင်စစ်သားတွေ ရွာကိုဝင်လာကြပြီး မီးရှို့သွားကြတာ နေအိမ် ၁၆ အိမ်မီးလောင်ခဲ့ရတယ်။ အမျိုးသမီး တစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်"ဟု ပြောကြားသည်။
ထိုသို့ မောင်တောမြို့ ၃ မိုင်ရှိ ဝေသာလီကျေးရွာအား စစ်ရာဇဝတ်မူမြောက်စွာ မီးရှို့လူသတ်ခဲ့သူများမှာ မောင်တောမြို့၊မြို့သူကြီး နခခ(၅)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိုတပ်ရင်းထဲ၌ စစ်သင်တန်း ပေးထားသည့် မွတ်ဆလင်တွေပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသည်။
"စစ်သားတွေနဲ့ မွတ်ဆလင်သားတွေရွာထဲကို သေနတ်တွေပစ်ပြီး ဆဲဆိုဝင်လာကြတာ။ မမေကြီးမ နဲ့ ကလေး ၂ဦး သူခင်ပွန်း အဝင်းချေ တို့ နေအိမ်ခြံစည်းရိုးကို ကျော်ပြီးထွက်ပြေးကြတာ။ နောက်မှ သေနတ်နဲ့ပစ်တာ မမေကြီးမ ကျောကုန်းမှာ ထိသွားတာ။ ကလေး ၂ ယောက်နဲ့ လင်သည်က လွတ်သွားကြတယ်"ဟု ပြောဆိုသည်။
ယခုလုပ်ရပ်သည် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ရန် တမင် စစ်ကောင်စီက အောက်လမ်းနည်း သုံးကာ တမင်လုပ်ဆောင်နေသော လုပ်ရပ်ဖြစ်ပြီး ယခုလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း မောင်တောမြို့မှ လူမှုရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ မောင်တောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ခုလို မီးရှို့လူသတ်တဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ဘူး။ အခု စဖြစ်လာတာကို တွေ့ရတယ်။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ စစ်တပ်ပါဝင်နေသလို တချို့ကလည်း ရည်ရွယ်ချက်ရှိ လုပ်ဆောင်နေတာတွေ တွေ့ရတယ်။ ဒီလုပ်ရပ်အပေါ်မှာ ကျွန်တော်တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ပြောဆိုသည်။
ဝေသာလီကျေးရွာ၌ လူနေအိမ် ၆၀ ခန့်ရှိပြီး ထိုအထဲက ၁၆ အိမ်မီးရှို့ခံခဲ့ရသည်။
ဝေသာလီကျေးရွာကို ၂၀၀၀ ခုနှစ်တွင် (နတလ)ကျေးရွာအဖြစ်စတင်တည်ထောင်ခဲ့ပြီး မောင်တော-အငူမော် ကားလမ်းပေါ်တွင်တည်ရှိသည်။