- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၄
ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီလေတပ်က ညအချိန်ဗုံးကြဲတိုက်ခိုက်သဖြင့် အမျိုးသမီး ၃ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသွားခဲ့သည့် ကျေးရွာသားများမှာ ဒေါ်လှလှအေး (၅၈) နှစ်၊ မသီတာ (၂၆) နှစ်၊ မအေးအေးအောင် (၂၆)နှစ်၊ ကိုမောင်မောင်သိန်း (၂၀) နှစ်နှင့် ကိုနေဇော်ဦး (၂၉) နှစ်တို့ဖြစ်ကြသည်။
ကျေးရွာသားတစ်ဦးက “ဒီကနေ့ မနက်အစောကြီး ညအချိန် ၂နာရီ လူတွေအိပ်မောကျနေချိန်မှာ ဗုံးလာကြဲတာပါ။ ရွာသား ၅ ဦးသေပြီး ၂၀ လောက် ဒဏ်ရာရပါတယ်” ဟု ပြောကြားသည်။
၎င်းပြင် အိမ် ၄ ဆောင်ပျက်စီးပြီး ကားတစ်စီးနှင့် ဘေးတွဲဆိုင်ကယ်တစ်စီးလည်း ပျက်စီး သွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည် အနှံ့ လူနေကျေးရွာများကို နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သား ပြည်သူသေဆုံးဒဏ်ရာရရှိမှုမှာ နေ့စဉ် တိုးပွားလာနေသည်ဟု သိရှိရသည်။
(ဓာတ်ပုံ- သေဆုံး ဒဏ်ရာရသူများကို တွေရစဉ်)