ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မောင်ရွှေလေးရေတပ်အနီးဝန်းကျင်းတဝိုက် တိုက်ပွဲဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၁၃ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊  မောင်ရွှေလေးရေတပ်အား အာရက္ခတပ်တော် ( AA) မှ ဝိုင်းဝန်း ပိတ်ဆို့ထားပြီး ၎င်းရေတပ်၏ တစ်မိုင်ပတ်ဝန်းကျင်နေရာ အချို့တွင် နှစ်ဖက်တပ်ဖွဲ့များအကြား ထိတိုက်ပွဲများ ပြင်းထန်ဖြစ်ပွားလျက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ရွှေလေးရေတပ်နှင့်တမိုင်ခန့်အကွာ ကျေးရွာများတွင် သြဂုတ်လ ၉ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီး လက်ရှိ အချိန်ထိ တချို့နေရာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက “ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အကျအဆုံး များတယ်။ မော်ရုံတိုက်ပွဲမှာ စစ်ကောင်စီ အယောက် ၇၀ နီးပါး သေတယ်လို့ သိရတယ်။ အလောင်းတွေ မကောက် နိုင်သေးဘူး။ အဲဒီဘက် ကျေးရွာနှစ်ခုကြားက တောင်တကြောလုံးမှာ တိုက်ပွဲဖြစ်တယ်။ ဒီဘက်မှာ သစ်ကောက် တိုက်ပွဲမှာလည်း အကျအဆုံးရှိတော့ လေယာဉ်နဲ့ ဗုံးကြဲတာ ပြည်သူတွေပဲသေတယ်။ စစ်တပ်က အင်အားထပ်ဖြည့်ထားပေမယ့် ရေတပ်ကို AA က ထိုးစစ်ဆင်လာနေပြီ” ဟု ပြောသည်။

မောင်ရွှေလေးရေတပ်နှင့် တစ်မိုင်နီးပါးသာ ကွာဝေးသည့် ကျေးရွာ ၂ ခုတွင် တပ်စွဲ ထားသောစစ်ကောင်စီတပ်သားများအား AA ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အပြင် တခြားစစ်မျက်နှာတစ်ခုကလည်း မောင်ရွှေလေးရေတပ်ဘက်သို့ AA က ထိုးစစ်ဆင်လာကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံစစ်မှုထမ်းဟောင်းတစ်ဦးက “ပြောရမယ်ဆိုရင် ဇလွန်-သပြုချိုင်လမ်းကို AA က ထိန်းလိုက်တာကြာပြီ။ စစ်တပ်က တပ်သားတချို့က ပိတ်မိနေတာတွေ ရှိတယ်။ ရေတပ်ထဲမှာလည်း လူမရှိပါဘူး။ အပြင်ထွက်ပြီး တိုက်နေတော့ သေတာ များနေတယ်။ တပ်ကို ကုန်းလမ်းက အင်အားဖြည့်လို့ မရတော့ဘူး။ ရေလမ်းက အင်အားဖြည့်ထားတယ်။ ဒီလမှာ ရေတပ်ကျလိမ့်မယ်”ဟု ပြောသည်။

ဩဂုတ် ၁၀ ရက်က တိုက်ပွဲဖြစ်ပွား၍ အထိနာသဖြင့် သံတွဲမြို့နယ်၊ သစ်ကောက် ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်က ပစ်လိုက်သည့် လက်နက်ကြီး ကျည်သည် ရွာဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲပြီး စစ်ရှောင်ဒေသခံ ၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်သည် သံတွဲတွင် နောက်ဆုံးကျန်နေသော တပ်စခန်းတစ်ခုဖြစ်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်

စစ်ကောင်စီသည် သံတွဲမြို့တောင်ဘက်ခြမ်းရှိ စစ်ရှောင်များခိုလှုံနေသည့် ကျေးရွာများကို ဇူလိုင်လ လယ်ကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဇူလိုင်လလယ်မှ ယခုအချိန်အထိ အဘဲကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ ကျောက်ခေါင်းကွင်း ကျေးရွာတို့မှ ဒေသခံများနှင့် စစ်ရှောင်ပြည်သူ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး ယခု သစ်ကောက်ကျေးရွာတွင် ၆ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -မော်ရုံကမ်းခြေအားတွေ့ရစဉ်။
(ဓာတ်ပုံ-ပေးပို့)

ဆက်စပ် သတင်းများ