- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
ထိုင်းနိုင်ငံ ဖီချစ် Phichit ပြည်နယ် Wat Noen Po ကျောင်းတွင် တနင်္လာနေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောင်းသားလေးဦးအပါအဝင် လူခုနစ်ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတဝှမ်းရှိ ကျောင်းအဆောက်အအုံများကို စစ်ဆေးရန် ထိုင်းပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်လိုက်သည်။
လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ခေါင်မိုးများပြိုကျပြီး အောက်ဘက်ရှိ အားကစားကွင်းများပေါ်တွင် ကစားနေသော ကျောင်းသားအများအပြားပေါ်သို့ ပြိုလဲကျိုးကျသွားခဲ့သည်။
အဆိုပါ မတော်တဆမှုကြောင့် ၇ ဦးသေဆုံးပြီး ကျောင်းသား ၁၅ ဦးနှင့် အုပ်ထိန်းသူ ၃ ဦး၊ စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများကို ဆမ်ငမ်း၊ ဝါချီရာဘရာမီနှင့် ဖိချိရှိ ဆေးရုံသုံးရုံတွင် ကုသပေးနေကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Atthaphon Sangkhawasee က ပြောသည်။
မုန်တိုင်းကြောင့် ကျောင်းအားကစားရုံခေါင်မိုး ပြိုကျမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူများကို ထိုင်းဘုရင်က အခမဲ့ ဆေးကုသပေးမည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် နှင့် အစိုးရတာဝန်ရှိသူများသည် မုန်တိုင်းကြောင့် အားကစားရုံပြိုကျခဲ့သော ဘန်နွန်းပို စာသင်ကျောင်းသို့ ဗုဒ္ဓဟူးနေ့က သွားရောက်ကြည့်ရှုခဲ့ပြီး ဒဏ်ရာရရှိသူများအား ထိုင်းဘုရင်က အခမဲ့ ဆေးကုသပေးမည် ဖြစ်ကြောင်း နှစ်သိမ့်စကား ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဖီချစ်ပြည်နယ်တွင် မေလ(၂၂)ရက်နေ့က ရုတ်တရက်တိုက်ခတ်သွားသော မိုးသက်လေးပြင်းကြောင့် စာသင်ကျောင်း နှစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ကျေးရွာ (၁၆)ရွာ၊ နေအိမ် (၄၀၈)လုံး ပျက်စီးခဲ့သည်ဟု သိရသည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချိုင်စရီက အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦးများ ဆောက်လုပ်ရာတွင်ခိုင်ခံ့မှု ရှိမရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးရန် လိုကြောင်း နှင့် ထိုင်းမိုးလေဝသဌာန၏ သတိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောကြားခဲ့သည်။
Ref: Bangkok Post/ The Nation