- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စူခ်ဆမ်ရာမြို့တွင် တရားမဝင်ရောက်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းနိုင်ငံ၏ အမှတ် ၂၅ ခြေမြန်တပ်ရင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ရနောင်းခရိုင်၊
စူခ်ဆမ်ရာမြို့၊ နာခါရွာ ပေါက်မိုင်နယ် မြေအတွင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများ
ကင်းလှည့်နေကြစဉ် ပစ်ကပ်ကားတစ်စီးပေါ်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅
ဦးကို ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြထားသည်။
အဆိုပါကားသည် ဖန်ငါခရိုင်ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး
ကားပေါ်တွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက
“လက်ရှိကိုယ့်ပြည်တွင်းမှာက နေထိုင်စားသောက်ဖို့ ပိုလို့တောင်ခက်ခဲလာတယ်။
သူများနိုင်ငံထဲကို အလုပ်ရဖို့ နည်းလမ်းပေါင်းစုံနဲ့ ရောက်လာကြတာပဲ” ဟု ပြောသည်။
ယာဉ်မောင်း၏ထွက်ဆိုချက်အရ ၎င်းမြန်မာအလုပ်သမားများကို
ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၆၀၀၀ ဖြင့် ခေါ်လာပေးခြင်းဖြစ်သည်ဟု
ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်လာရာမှ အဖမ်းခံကြရသည့်
မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ တစ်သောင်းခန့်အထိ ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင်
ဖော်ပြခဲ့ သည်များကို ပြုစုထားသည့်စာရင်းအရ သိရသည်။
Photo - No , 25 Royal Thai Army