သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

၃ နှစ်ကြာပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် တံတား အမှတ် ၁ ပြန်ဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.2k

(Border Pass နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နှင့် မဲဆိုင်မြို့တွင်တစ်ပတ်နေထိုင်ခွင့်ရမည်)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၀/၂၀၂၃

၃ နှစ်နီးပါးကြာပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတံတား အမှတ် ၁ ကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်က ပြန်လည်ဖွင့်လှစ်လိုက်သည်။

ကိုဗစ်ရောဂါကြောင့် လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းခန့်ကတည်းက ယင်းတံတားကို ပိတ် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးအတွက် လမ်းပွင့်သွားသလို ဒေသတွင်း စီးပွားရေးသမားတွေအတွက်ပါ အဆင်ပြေသွားကြသည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက သုံးသပ်ပြော သည်။

‘’ ထိုင်းဘက်ရော မြန်မာဘက်ရော ကုန်သည်ကြီးတွေ၊ စီးပွားရေးကြီးသမားတွေ အလုပ်ဖြစ်ကြသလို တစ်ဆွဲတစ်ပိုးသမား (အခြေခံလူတန်းစားတွေ)၊ ကား၊ ဆိုင်ကယ်တွေနဲ့ သယ်ယူပို့ဆောင်ကြတဲ့ စီးပွား ရေးသမားတွေအတွက်လည်း အဆင်ပြေကြတာပေါ့ဗျာ ’’

၎င်းအမှတ် ၁ တံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင် မြို့ကို ဆက်သွယ်ထားသည့် လူ၊ ဆိုင်ကယ်၊ ကားသေး တို့သာ ဖြတ်သန်းသွားလာသည့် တံတားဖြစ်ပြီး အမှတ် ၂ တံတားမှာ ကုန်တင်ကားများ ဖြတ်သန်းသွားရန်အတွက်သာ အသုံးပြုနေခြင်း ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ယင်းတံတား ပြန်ဖွင့်နိုင် ရန်အတွက် နှစ်နိုင်ငံအာဏာပိုင်များအကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့ရပြီး မြန်မာအာဏာပိုင်တွေဖက်က အကြိမ်ကြိမ်ငြင်းပယ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အိမ်ထောင်စုစာရင်းရှိသူ ဒေသခံများအနေဖြင့် ယခုပြန်ဖွင့်လိုက်တဲ့ အမှတ် ၁ တံတား မှတဆင့် Border Pass ဟုခေါ်သည့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နှင့် မဲဆိုင်မြို့တွင် တစ်ပတ် နေထိုင်ခွင့်ရမည်ဟုလည်း သိရသည်။

အလားတူပဲ ၃ နှစ်နီးပါးကြာပိတ်ထားခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် မြဝတီ-မဲဆောက် တံတားသည်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Photo ; Thai News

ဆက်စပ် သတင်းများ