သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မလေးရှားတွင် အလုပ်သွားလုပ်မည့် မြန်မာ ၂၁ ဦး ထိုင်းတောင်ပိုင်း နရာထိဝါ့တွင် အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 454

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်း နရာထိဝါ့ခရိုင် စုဟိုင်ကိုလို့မြို့နယ်ထဲတွင် မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်မည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၂၁ ဦးတို့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထိုင်းအာဏာပိုင်များ က ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

၎င်းမြန်မာရွှေ့ပြောင်းလုပ်သားတို့သည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ထဲကို တရားမဝင်နယ်စပ်လမ်းမှ ဖြတ် ကျော်ဝင်ရောက်လာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်ကာ အလုပ်လုပ် ကိုင်ကြမည့်သူများ ဖြစ် ကြောင်း သိရသည်။

ပြည်ပတွင်အလုပ်ရရှိရန် MOU စနစ်ဖြင့် တရားဝင်လျှောက်ထားလုပ်ကိုင်ကြသော်လည်း ဘာကြောင့် မှန်းမသိ ကြန့်ကြာမှုများကြောင့် အလုပ်သမားများသည် ရသည့်နည်းလမ်းဖြင့် ထွက်လာကြရခြင်းဖြစ် ကြောင်း မြန်မာအလုပ်သမားများအရေး ကူညီပေးနေသည့် ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။

‘’ တရားဝင်နည်းလမ်းနဲ့သွားဖို့လွယ်ရင် တရားဝင်ပဲသွားကြမှာပေါ့ဗျာ၊ အခုက လွယ်တာကို ခက်အောင် လုပ်နေကြတာလေ၊ ကိုယ့်ပြည်တွင်းမှာက အလုပ်အကိုင်အခွင့်အလမ်းကမရှိ ပြည်ပမှာ အလုပ်တွေရှိလို့ ရတဲ့နည်းလမ်းနဲ့ပဲ ထွက်လာကြတာ၊ တရားမဝင်ဆိုတော့ မဖြစ်သင့်တာတွေဖြစ်ကုန်တာ ’’

၎င်းမြန်မာအလုပ်သမား ၂၁ ဦးထဲတွင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၃ ဦး တို့ဖြစ်ကြောင်း၊ ယင်းတို့ကို နရာထိဝါ့ခရိုင် စုဟိုင်ကိုလို့မြို့နယ် ပါစမတ်ကျေးရွာအုပ်စု ၅ နမ်းသို့ရွာ တောစပ်တစ်နေရာတွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

နရာထိဝါ့ခရိုင်သည် ထိုင်းနှင့် မလေးရှားနယ်စပ်နေရာဖြစ်ပြီး မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာမကြာဖမ်းဆီးရမိသည့် ဒေသလည်းဖြစ်ကြောင်း သိရသည်။

Photo ; Thai News

ဆက်စပ် သတင်းများ