သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကန်ချနဘူရီခရိုင်၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦး အဖမ်းခံရပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.6k

နိရဉ္စရာ၊ ဧပြီ ၅ - ၂၀၂၃

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင်ယို့မြို့တွင် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးတို့ကို ထိုင်း အာဏာပိုင်အဖွဲ့က ဧပြီ ၃ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းရတ်သတင်းဌာနတွင် ဖော်ပြထားသည်။

ကန်ကျနဘူရီခရိုင်၊ စိုင်ယို့မြို့၊ ထာ့စောင်ကျေးရွာ၊ ဘန်ယန်အိမ်ယာ အုပ်စု ၃ တွင် မြန်မာအလုပ်သမား ၁၉ဦးကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကိုစစ်ဆေးရာ ယာဉ်မောင်းဖြစ်သူက ထွက်ပြေးသွား ပြီး မြန်မာအလုပ်သမား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါသတင်းဌာနတွင် ဖော်ပြထားသည်။

ကိုယ့်ပြည်တွင်းထဲ အလုပ်အကိုင်အဆင်မပြေသည့်အတွက် အလုပ်ရမည့် ထိုင်းနိုင်ငံထဲ နည်းမျိုးစုံဖြင့် ဝင်လာကြမှု အပေါ် အပြစ်ပြော မရကြောင်း  အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနကို မှတ်ချက်ပြုပြောသည်။

‘’သူတို့ကိုအပြစ်ပြောလို့တော့မရဘူးပေါ့၊ အလုပ်လိုချင်တာကိုး၊ ပြည်တွင်းမှာ အလုပ်အကိုင်အဆင်မပြေ တာဆိုတော့၊ အလုပ်ရမယ့်နေရာဆိုလို့ ထိုင်းနိုင်ငံထဲမှာဖြစ်တော့လည်း နည်းလမ်းမျိုးစုံနဲ့ဝင်လာကြတာ ပဲလေ၊ ရောက်လာတော့ တရားမဝင်ဘူးဆို အဖမ်းခံရပြန်တာပေါ့။’’

၎င်းမြန်မာအလုပ်သမားများကို စိုင်ယို့စစ်ဆေးရေးဂိတ်သို့ခေါ်သွားပြီး မြန်မာစကားပြန်မှတဆင့် မေး မြန်းခဲ့ရာ မြန်မာဖက်အခြမ်း ဘုရားသုံးဆူမှ ကန်ကျနဘူရီခရိုင်သို့ တောလမ်းမှတဆင့် ဝင်လာကြခြင်း  ဖြစ်ပြီး ထိုင်းစစ်ဆေးရေးဂိတ်ကိုရှောင်သွားနိုင်ရန် လူတစ်ယောက်က လမ်းပြဖို့လာကြိုကြောင်း၊ ၎င်းတို့ သည် စမွတ်ပရာကန် နှင့် ရာချ်ဘူရီဒေသဆီကို သွားရောက်အလုပ်လုပ်ကိုင်ကြမည်ဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၃,၀၀၀ စီပေးရကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လအတွင်း ထိုင်းနိုင်ငံထဲဝင်ရောက်လာသည့် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည့်သတင်းများကို စုစည်းထားချက်အရ သိရသည်။ NN - 24

Photo ; Thai News 

ဆက်စပ် သတင်းများ