- Web Master
- ၂၁ ဧပြီ ၂၀၂၄
ယနေ့ နံနက် ၃ နာရီ ၅၅ မိနစ်ခန့်ကစပြီး မြောက်ဦးမြို့ ငွေတောင်ပေါက်အနီးမှ သေနတ်ပစ်ခတ်သံများကို ကြားရပြီး ရက္ခိုင့်တပ်တော် (AA) က နေရာနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
တိုက်ခိုက်ခဲ့သော နေရာများမှာ ငွေတောင်ပေါက်ရှိ မြို့မရဲစခန်းနှင့်သူတော်မတောင် စစ်စခန်းတို့ဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
တိုက်ခိုက်ပြီးနောက် နံနက်အာရုဏ်တက် ၄နာရီကျော်အချိန်ထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကာ တိုက်ပွဲမှာပြင်းထန်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့ခံတစ်ဦးက "နှစ်ဖက်ပစ်ခတ်ကြတယ်။ တိုက်ပွဲကတော့
ပြင်းတယ်လို့ပြောလို့ရတယ်။ မနက်အာရုဏ် တက်အချိန်ဆိုတော့ ညဉ့်အချိန်ဘဲရှိသေးတယ်။
ညဉ့်အချိန်ဆိုတော့ နှစ်ဖက်
ပစ်ခတ်သံတွေကို အကျယ်ကြီးအနီးကပ်ကြားရပါတယ်"
ဟု ပြောသည်
နံနက် ၅ နာရီခန့်တွင် မြောက်ဦးရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများလည်း ရှိနေသည်ဟု သိရသည်။
ဒေသခံတစ်ဦးက “ မြိုနယ်ထွေအုပ်ရုံးဟောင်းနောက်ဖက်မှာ အခု ခရိုင်၊ မြို့နယ်ထွေအုပ်၊ ဘဏ်တွေရှိတယ်။ ငွေတောင်ပေါက်နားပေါ့။ လေးမြို့စားမြိုသစ်ရပ်ကွက်လို့လည်း ခေါ်တယ်။ အဲဒီမှာ ရဲစခန်းရှိတယ်။ နှစ်ဖက် ပစ်ခတ်သံကြားရတယ်။ တိုက်ပွဲဖြစ်ပုံရတယ်” ဟု ပြောကြားသည်။
အဆိုပါ သေနတ်သံများထွက်ပေါ်သည့်နေရာမှာ ငွေတောင်ပေါက် အဝေးပြေးကားဂိတ် မရောက်ခင် အနီးအနားက ဖြစ်သည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲမှာ နံနက် ၅ နာရီကျော်ခန့်က ရပ်သွားပြီဖြစ်သော် မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းများက တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကို လက်ရှိ နံနက် ၆နာရီ ကျော်အချိန်ထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု သိရသည်။
ဒေသခံများက မြောက်ဦးမြို့ ငွေတောင်ပေါက်ရဲစခန်းနှင့် သူတော်မတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း ပြောဆိုသော်လည်း အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။ ( NN-12)