ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

ရခိုင်က နိုင်ငံရေးပါတီ ၆ ပါတီ မှတ်ပုံတင်ခွင့်လျှောက်ရာတွင် ရခိုင်အမျိုးသားပါတီ တစ်ခုကိုသာ ပါတီမှတ်ပုံတင်ခွင့်ချပေးရန် ကြန့်ကြာမှုနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်(UEC) က ယနေ့ထက်ထိ တစ်စုံတစ်ရာရှင်းလင်းအသိပေးမှု မရှိသေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.8k

ရခိုင်က နိုင်ငံရေး ပါတီ (၆) ပါတီ ပါတီမှတ်ပုံတင်လျှောက်ရာတွင် ကျန်ပါတီများအား ခွင့်ပြုပြီး  ရခိုင်အမျိုးသားပါတီ (ANP) တစ်ခုတည်းကိုသာ  မှတ်ပုံတင်ခွင့်ပြုရန် ကျန်နေသေးပြီး အဆိုပါ ကြန့်ကြာနေမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့ထက်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ANP ပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က  “ကျနော်တို့ ANP ပါတီ ကတော့ လုပ်သင့်လုပ်ထိုက်တဲ့ဥပဒေနှင့်အညီ တင်ပြထားတယ်။ တကယ်လို့ လိုအပ်တဲ့ အချက်အလက်ရှိနေရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ဘာတွေလိုအပ်ကြောင်းကို တခြားပါတီတွေကို အကြောင်းပြန်ကြားချက်တွေရှိတယ်လို့ ကြားမိတယ်။ ဒါပေမယ့် ကျနော်တို့ပါတီကိုတော့ တစ်စုံတစ်ရာအကြောင်းပြန်တာမျိုးမရှိဘူး။ ဘာကြောင့် မှတ်ပုံတင်ကျဖို့ကြန့်ကြာနေလဲဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ သိမယ်”ဟု  နိရဉ္စရာကိုပြောသည်။

ရခိုင်မှ ပါတီ ၆ ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသား ပါတီ(MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)တို့က UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြပြီး ရခိုင်အမျိုးသားပါတီ(ANP)ကလွဲပြီး ကျန်ပါတီများကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့သည်။

ယခုကဲ့သို့ မှတ်ပုံတင်ခွင့်မကျသေးသည့်အတွက် ANP အနေဖြင့် ပါတီလုပ်ငန်းများ၊ စီးပွားရေး၊ နိုင်ငံရေးအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးလုပ်ငန်းတို့တွင် လုပ်ကိုင်ခွင့်မရဘဲ အခက်အခဲဖြစ်နေရသည်ဟု ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

 “  အမျိုးသားအကျိုးစီးပွားအတွက် တရားဝင်အနေနဲ့ နိုင်ငံရေးအလိုက် လုပ်နိုင်မယ့် မှတ်ပုံတင်ခွင့် တောင်းထားပါရက်နဲ့ မကျသေးတော့ လုပ်ရကိုင်ရခက်ခဲတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး လုပ်ငန်းတွေနဲ့ ကင်းကွာလို့ မရဘူး။  ပါတီဝင်တွေနဲ့ အဆင့်ဆင့်သော ပါတီ စည်းရုံးရေးလုပ်ငန်းတွေမှာလည်း အနည်းနဲ့အများ လုပ်ရကိုင်ရ အခက်အခဲ ဖြစ်နေတယ်။ နိုင်ငံရေး ပါတီတစ်ရပ်အနေနဲ့ ဒီလိုကြန့်ကြာနေတဲ့အတွက် စီးပွားရေးအပါအဝင် နိုင်ငံရေးအရ ပြောဆိုရမယ့် အလုပ်တွေ။ နိုင်ငံတကာက ပြောဆိုဆက်ဆံရမယ့် ဆက်သွယ်ရေး အပိုင်းတွေမှာလည်း တရားဝင်မှတ်ပုံတင်ခွင့်တစ်ခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမပေးသေးတဲ့အတွက် လုပ်ရကိုင်ရခက်ခဲမှုတွေရှိတယ်” ဟု ပြောသည်။

UEC က ပါတီမှတ်ပုံခွင့်မပြုသေး၍ ပါတီလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားရကြောင်းလည်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နိရဥ္စရာကိုပြောဆိုထားသည်။

ရခိုင်အမျိုးသားပါတီ(ANP)သည် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် (၄)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာနှင့် ပြည်နယ်လွှတ်တော် (၇)နေရာ၊ စုစုပေါင်း (၁၅)နေရာဖြင့် ရခိုင်ပြည်နယ်အတွင်း လွှတ်တော်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

ရခိုင်အမျိုးသားပါတီ(ANP) အား ယနေ့ထိ မှတ်ပုံတင်ခွင့်မပြုသေးခြင်းမှာ  ရခိုင်ပြည်သူလူထု ထောက်ခံမှုများသည့်ပါတီဖြစ်ပြီး စစ်ကောင်စီက ခြယ်လှယ်၍ မရနိုင်သည့်အတွက်ကြောင့် မှတ်ပုံတင်ခွင့်မပေးခြင်းဖြစ်နိုင်သည်ဟု ဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN-Japan)ဥက္ကဋ္ဌ ကိုဘုန်းမြင့်က နိရဥ္စရာကိုပြောသည်။

“အဓိကက စစ်ကောင်စီက သူ့တို့ခြယ်လှယ်လို့မရနိုင်တဲ့ပါတီမျိူးဖြစ်လို့။ တခြားရခိုင်ပါတီဆိုရင် သူတို့လက်အောက်မှာ လက်အောက်ခံအဖြစ်မွေးစားလို့ရတယ်။ ANP ကကျတော့ သူတို့ခြယ်လှယ်လို့မရတော့ ကြောက်တယ်လေ။ သူရဲဘောကြောင်တာမျိုး ဖြစ်တယ်”ဟု ပြောသည်။

ANP သည် ရခိုင်ပြည်သူလူထု ထောက်ခံမှုအများဆုံး ရရှိထားသောပါတီဖြစ်ပြီး တစ်ခြား ပါတီများ ရွေးကောက်ပွဲကျပါက ရခိုင်တွင် မဲမရနိုင်သည့်အတွက် ပါတီထူထောင်ရန် ခွင့်ပြုချက်မပေးခြင်း ဖြစ်နိုင်ကြောင်း  ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ANP ကိုယ်စားပြု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပရဟိတသမား ကိုအမ်းသားကြီးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ANP ပါတီက ရခိုင်ပြည်မှာ ပြည်သူလုထုထောက်ခံမှု အများဆုံးရတဲ့ပါတီဖြစ်နေတဲ့အချိန်မှာ တခြားပါတီတွေအတွက် မဲရနိုင်မှုအခြေနေနည်းပါးတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက်မပေးသေးတာထင်တယ်။ တခြားပါတီတွေက တစ်သီးတစ်ခြား ရပ်တည်ဖို့အခြေနေမရှိတာကြောင့် စစ်ကောင်စီလက်အောက်ခံအနေနဲ့ သွားရမှာဖြစ်တယ်။ အဲဒါကြောင့် စစ်ကောင်စီလက်အောက်မှာနေမယ့်ပါတီမျိုးကိုသာ မှတ်ပုံတင်ချပေးတာ ဖြစ်မယ်ထင်တယ်။ သူ့လက်အောက်မှာ မွေးစားတဲ့ပါတီတွေကို ပါတီတည်ထောင်ခွင့်ပြုတဲ့ သဘောပေါ့”ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ UEC က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်

မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်မှ ပါတီများအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MNDP)ကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ (RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီ ဖြစ်သည်။

အလားတူ ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ANP သည် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်နေရာ (၂၂)နေရာအထိ အများဆုံးအနိုင်ရရှိခဲ့သည့် ပါတီဖြစ်ခဲ့သည်။

လက်ရှိတွင် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသော ANP ပါတီအပါအဝင် မွန်ညီညွတ်ရေးပါတီ (MUP)နှင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်သူ့ပါတီ (PP)တို့ကို UEC က မှတ်ပုံတင်ခွင့် ချပေးသေးကြောင်း သိရသည်။

UEC ထံ ပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်အချိန်အတွင်း လျှောက်ထားခြင်း မပြုသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။  

ဖျက်သိမ်းခံရသည့်ပါတီများထဲတွင် ရခိုင်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေး ပါတီ(DNDP)တို့လည်း ပါဝင်ခဲ့သည်။

ဆက်စပ် သတင်းများ