အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် တွင်ရေကြီးမှုကြောင့် သေဆုံးသူ(၅၉) ဦးထိ ရှိလာပြီး လူ(၅.၄)သန်းကျော် ရေဘေးသင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 322

(ကြားဖြတ်အစိုးရအတွက် အကြီးမားဆုံးသော အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရ)

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခရိုင် (၁၁)ခုတွင် ရေကြီး၊ ရေလျှံမှုများကြောင့် အမျိုးသမီး(၆)ဦးနှင့်ကလေး (၁၂)ဦး အပါအဝင် အနည်းဆုံး လူ (၅၉)ဦး သေဆုံးခဲ့ကြောင်း လူ(၅)သန်းကျော်မှာလည်း ရေဘေးဒဏ် သင့်ခဲ့ရကြောင်း တာဝန်ရှိသူများကသြဂုတ်(၃၁)ရက်တွင်ကြေညာခဲ့သည်။

နိုင်ငံတ၀န်းရေကြီးရေလျှံမှုများဖြစ်ပွားနေရမှုသည် ဘင်္ဂလားဒေ့ရှ်၊ကြားဖြတ်အစိုးရအတွက် နိုင်ငံရေး အသွင်ကူးပြောင်းရေး ကာလအတွင်း အကြီးမားဆုံးသော အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ်အဖြစ် ကြုံတွေ့နေရသည်။

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ရေလွှမ်းမိုးမှု အခြေအနေ နောက်ဆုံးရသတင်း ထုတ်ပြန်ခဲ့ရာတွင် လူသေဆုံးမှု အများဆုံးသည် ကူမီလာ နှင့် ဖီနီ ခရိုင်များမှ ဖြစ်ပြီး ကူမီလာ ခရိုင်တွင်သေဆုံးသူ (၁၄) ဦးနှင့်ဖီနီ ခရိုင်တွင် သေဆုံးသူ(၂၃)ဦး အသီးသီး ရှိခဲ့သည်။


“ခရိုင် ၁၁ ခုမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း (၅၄,၅၇,၇၀၂) ဦး ရေဘေးသင့်ခဲ့ရပါတယ်။ မိသားစု (၇)သိန်းလောက် ရေဘေးသင့်ခဲ့ရပြီး ၊ လူ ပေါင်း(၄)သိန်းနီးပါးဟာ ရေဘေးစခန်း (၃၉၂၈) မှာခိုလှုံ နေကြရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် သတင်းအေဂျင်စီဖြစ်သည့် (BSS)က ဆိုသည်။

ကျွဲ၊နွား ကောင်ရေ (၃၆,၁၃၉) ကိုလည်း အဆိုပါနေရာတွင် ခိုလှုံခွင့်ပေးထားပြီး ဆက်သွယ်ရေးစနစ်များ ပုံမှန် ဖြစ်လာသည့်အတွက် ပြည်သူများမှာ နေ့စဥ်အခြေအနေများ ပြန်လည်ကောင်းမွန်လာကာ နေရပ်သို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြစ်ပေါင်း (၂၀၀)ကျော် ဖြတ်သန်းစီးဆင်းနေပြီး ၎င်းတို့အနက် မြစ်ပေါင်း (၅၄)စင်းသည် မြစ်ကြောင်းအထက်ပိုင်းရှိ အိန္ဒိယ၏နယ်နိမိတ်ကိုဖြတ်ကျော်ပြီး စီးဆင်းလာသည့် အဓိကမြစ်ကြီး လေးခုနှင့် ထိစပ်နေသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (မိုးသည်းထန်စွာရွာသွန်းစေသည့် ဖြစ်စဥ်)ကြောင့် သည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်-အရှေ့မြောက်ဘက်ရှိ Meghna မြစ်ဝှမ်း နှင့် အနောက်တောင်ပိုင်းရှိ Chattrogram Hills မြစ်ဝှမ်း တို့တွင်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီးနောက် နေရာအနှံ့ ရေလွှမ်းမိုးမှုပြန့်နှံ့သွားခဲ့သည်။


နိုင်ငံအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ နှစ်ပတ်ခန့်ကြာကာလအတွင်း ပျက်ဆီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် ကျွဲနွားတိရစ္ဆာန် များ စွာသေ ကျေပျက်ဆီးခဲ့ရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းအပြင် မြစ်ရေလျှံခြင်း၊ အယ်နီညိုနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့သည် နိုင်ငံအတွင်း နေရာအနှံ့ ရေကြီးရေလျှံမှုများအတွက် အကြောင်းရင်းများဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အစောပိုင်းက ရေကြီးမှုသတိပေးချက်နှင့် ကြိုတင်ခန့်မှန်းရေးစင်တာ (FFWC) သည် အခြေအနေကို ကြိုတင်ခန့်မှန်းရန် ပျက်ကွက်ခဲ့ခြင်း အတွက်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ၏ အဝါမီလိဂ်အစိုးရ ဖြုတ်ချခံရပြီးနောက် ဒေသဆိုင်ရာ အစိုးရကိုယ်စားလှယ်များ မရှိခြင်း၊ တိမ်းရှောင် နေရခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခက်ခဲခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ Source/ The Telegraph India and Photo/ Internet

ဆက်စပ် သတင်းများ