အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မြောက်ဦးကို UNESCO စာရင်းဝင်ရေး (၁)နှစ်နောက်ဆုတ်လိုက်ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 10k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/ ၂၀၂၁

ရခိုင်ပြည်နယ်၏ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရန်အတွက် အချိန် (၁)နှစ်နောက်ဆုတ်လိုက်ရသည်ဟု မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။

ဦးသန်းမြင့်က “ကိုဗစ်ကြောင့်အဓိကပေါ့။ အခုက နိုင်ငံတကာသွား/လာမှုတွေကိုလည်း ပိတ်ပင်ထားတယ်။ အဲဒါကြောင့် မလာနိုင်ကြတာပေါ့နော်။ ယူနက်စကိုဝင်ဖို့အတွက် စီမံအုပ်ချုပ်မှု အစီစဉ်ပိုင်းကို အပြီးသတ်ဖို့ ကျန်နေပါသေးတယ်။ ပြီးတော့ ကွင်းဆင်းပြီး အထောက်အထားတွေကို စစ်ဆေးဖို့ ကျန်ပါသေးတယ်။ အထောက်အထားတွေကတော့ တော်တော်လေး ပြည့်စုံနေပါပြီ။ သို့သော်လည်း အဲဒါတွေကို စစ်ဆေးဖို့ နိုင်ငံတကာပညာရှင်တွေက ကိုဗစ်ကိစ္စနဲ့ မလာနိုင်ဘူး။ စစ်ရေးကိစ္စကြောင့် မလာနိုင်တာလည်း ရှိတယ်။ အဲဒီကိစ္စတွေကြောင့် နိုင်ငံတကာပညာရှင်တွေ၊ ပြည်တွင်းပညာရှင်တွေက ကွင်းဆင်းဖို့အခက်ခဲရှိနေတယ်ပေါ့။”ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးစောင့်ရှောက်ရေးကော်မတီက ပြင်သစ်နိုင်ငံကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Center သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က တင်သွင်းခဲ့ပြီဟုလည်း သိရသည်။

အဆိုပြုလွှာမူအချောကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း တင်သွင်းရမည်ဖြစ်သော်လည်း ယင်းအချိန်က မြောက်ဦးဒေသအတွင်း တိုက်ပွဲများပြင်းထန်နေခဲ့သည့်အတွက် အချိန်မီတင်သွင်းနိုင်ခြင်းမရှိခဲ့ဟု သိရသည်။ ယခုနှစ် ဇန်နဝါရီလအတွင်းတွင်လည်း ကိုဗစ်နှင့် စစ်ရေးတို့ကြောင့် အချိန် (၁)နှစ် ထပ်မံနောက်ဆုတ်ခံလိုက်ရခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့မှာက မူကြမ်းကို တင်သွင်းထားပြီးပြီ။ အခုလို တစ်နှစ်နောက်ဆုတ်ဖို့အတွက် ရှေး/သုအဖွဲ့က နောက်ဆုတ်တာပေါ့နော်။ အဲဒါကလည်း နိုင်ငံတကာပညာရှင်တွေနဲ့ ညှိနှိုင်းလို့ရှိရင်ရှိမယ်ပေါ့နော်။ ဒါကိုတော့ ကျွန်တော်တို့ မသိဘူး။ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်ဖြစ်လောက်အောင်အထိ တန်ဖိုးရှိတယ်ဆိုတာကို ပညာရှင်တွေက လက်ခံထားပြီးသားပါ။ သမိုင်းဝင်တန်ဖိုးရှိတဲ့နေရာတွေဖြစ်တဲ့ ဘုရားပုထိုးစေတီ၊ တံတိုင်း၊ ကျုံး၊ ပိဋကတ်တိုက်တို့ ဖြစ်တဲ့ ရှေးဟောင်းသမိုင်းဝင် တန်ဖိုးကြီးနေရာ တစ်ထောင်ကျော်ရှိပါတယ်။ ရှစ်သောင်းဆိုရင် ရှစ်သောင်းဘုရားနေရာဟာ တစ်ခု၊ ကိုသောင်းဆိုရင် အဲဒါက တစ်ခု၊ အဲလိုမျိုး ရေတွက်လို့တောင် တစ်ထောင်ကျော်အထိ ရှိပါတယ်။” ဟု ဦးသန်းမြင့်က ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ယခုကဲ့သို့ (၁)နှစ် နောက်ဆုတ်လိုက်သည့်အတွက် ဒေသခံတစ်ဦးအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း မြောက်ဦးမြို့မှ ကိုမျိုးလှိုင်က ဆိုသည်။

“နောက်ဆုတ်လိုက်တာက စိတ်မကောင်းစရာပါ။ မြောက်ဦးဆိုတာက ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုဟာ ယူနက်စကို ဝင်သင့်တာ ကြာပြီ။ သို့သော် အခြေနေအမျိုးမျိုးကြောင့် နောက်ဆုတ်ခံလိုက်ရတယ်ဆိုတော့ ဝမ်းနည်းစရာပါ။ ပြောရမယ်ဆိုရင် ယူနက်စကိုဝင်ဖို့ကို သတ်မှတ်တဲ့အဖွဲ့တွေက ကွင်းဆင်းဖို့အခက်ခဲရှိသွားတာလည်း ဖြစ်ကြောင်းဖြစ်နိုင်ပါတယ်။ သို့သော် အခုလောလောဆယ်က တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ အချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းက ဒါကိုလုပ်နေတဲ့ အစိုးရအဖွဲ့စည်းသော်လည်းကောင်း ပညာရှင်တွေသော်လည်းကောင်း အားလုံးက အမြန်ဆုံးပြန်လည်ဖြစ်အောင်အတွက် ဝိုင်းဝန်းပြီး ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။” ဟု ပြောသည်။

မြောက်ဦးမြို့အား UNESCO စာရင်းဝင်ရေးဆုံးဖြတ်ရာတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံက မဲပေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ