သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မိုးကြိုးထိမှန်၍ ၄ဝ ရာခိုင်နှုန်းပျက်စီးသွားသည့် မြောက်ဦးမှ သမိုင်းဝင်ဟရီတောင်စေတီအားပြန်လည်ပြုပြင်ရန် ရှေး/သုရုံးချုပ်သို့ ယနေ့ စာတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၄/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးကြိုးထိမှန်၍ ၄ဝ ရာခိုင်နှုန်းပျက်စီးသွားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဟရီတောင်စေတီတော်အား ပြန်လည်ပြုပြင်ရန် မြောက်ဦးရှေး/သုက နေပြည်တော်ရှိ ရှေး/သုရုံးချုပ်သို့ ယနေ့ စာတင်လိုက်ပြီဟု သတင်းရရှိသည်။
အဆိုပါစာကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က နေပြည်တော်ရှိ ရှေးဟောင်းအမွေအနှစ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးရုံးချုပ်သို့ ယနေ့ အောက်တိုဘာ ၄ ရက် နံနက်တွင် ပေးပို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
မြောက်ဦးရှေး/သုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက “ကျနော်တို့ ရှေး/သုအဖွဲ့က ဒီကနေ့မနက်က စာတင်လိုက်ပါတယ်။ ရခိုင်ပြည်အစိုးရဆီကိုလည်း စာတင်ထားပါတယ်။ ဌာနဆိုင်ရာက စာကျလာမှ၊ ပြန်လည်ပြုပြင်မွမ်းမံခွင့်ရမှ ပြုပြင်လို့ရမှာပါ”ဟု နိရဥ္စရာ ကိုပြောသည်။
မိုးကြိုးထိမှန်ပြီးပျက်စီးသောသွားစေတီမှာ မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်ရှိ အမြင့်ပေ ၁၅ဝ ခန့်ရှိသည့်ဟရီတောင်ပေါ်တွင်တည်ရှိသော သမိုင်းဝင် ဟရီတောင်စေတီဖြစ်သည်။
အမြင့်ပေ ၃ဝ ခန့်ရှိသည့်အဆိုပါစေတီသည် အောက်တိုဘာ ၂ ရက် အရုဏ် ၄ နာရီအချိန်တွင် မိုးကြိုးထိမှန်၍ စေတီအလယ်တွင် အရှည်ပေ ၅ ပေခန့်ကွဲအက်ပျက်စီးသွားပြီး စေတီတစ်ခုလုံး၏ ၄ဝ ရာခိုင်နှုန်းပျက်စီးသွားခဲ့သည်ဟုလည်း ဦးဆန်းဝင်းက ဆိုသည်။
“စေတီထိပ်ကနေ ပျက်စီးသွားတဲ့နေရာထိပြန်ပြင်သွားမှာ။ စေတီကို မူလပုံစံအတိုင်းပြန်ပြုပြင်မှာ။ ကုန်ကျမဲ့ စရိတ်ကိုတော့ အတိကျမသိရသေးပါဘူး”ဟု ပြောသည်။
ဟရီတောင်စေတီကိုမြတ်စွာဘုရား၏ အရီတော်ဓာတ်မြတ်အား ဌာပနာ၍ ရခိုင်ဘုရင် မင်းဟာရီ (ခေါ်) သီရိသုဓမ္မာရာဇာမင်းနှင့်မိဖုရားနတ်ရှင်မေတို့က သက္ကရာဇ် ၉၉၅ ခုနှစ်တွင်တည်ထားတော်မူခဲ့ခြင်းဖြစ်သည်ဟု ရခိုင်သမိုင်း မှတ်တမ်းများတွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ