သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော် မဟာမုနိဘုရားရင်ပြင်တွင် သိမ်တိုင်စိုက်ရန်တူးဖော်ရာမှ ရှေးဟောင်းနတ်ရုပ်တုတစ်ခု တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

နွေဦးမေ
နိရ ဉ္စရာ၊ မတ် ၁ဝ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားရင်ပြင်တွင် သိမ်တိုင်စိုက်ရန်တူးဖော်ရာမှ ရှေးဟောင်းနတ်ရုပ်တုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်ဟု သိရသည်။
မဟာမုနိဘုရားသိမ်တိုင်ပန္နက်ချရန် ဘုရားရင်ပြင်ကို မတ်လ ၈ ရက် နံနက်ပိုင်းတွင် တိုးချဲ့တူးဖော်ရာမှ အဆိုပါရုပ်တုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မဟာမုနိဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။
“ဘုရားသိမ်တိုင်ကို တိုးချဲ့တူးဖော်တာက တွေ့တာပါ။ ရုပ်တုကတော့ နတ်ညီနောင်ရုပ်တု။ နာမည်ကတော့ ရှေးသုတွေက မပေးရသေးဘူးလို့ ပြောတယ်။ လက်ရှိမှာတော့ ရှေးသုကိုအပ်ပြီးတော့ ရုပ်တုကိုရင်ပြင်မှာ ထိန်းသိမ်းထားတယ်”ဟု ပြောသည်။
အဆိုပါနတ်ညီနောင်ရုပ်တုသည် ၁၈ လက်မခန့်အရွယ်အစားရှိပြီး ၃ ပေခန့်ရှိသော ကျောက်ပြားပေါ်တွင် ထွင်းထုထားခြင်းဖြစ်သည်ဟုသိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက အဆိုပါရုပ်တုမှာ ဓညဝတီခေတ်မှရုပ်တုဖြစ်သည်ဟု ပြောသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက် နေ့လယ် ၂ နာရီခန့်ကလည်း မဟာမုနိဘုရား၏မြောက်ဘက်စောင်းတန်းအနီးရင်ပြင်ကို တိုးချဲ့ရန်တူးဖော်ရာ အမြင့် ၅ ပေခန့်အရွယ်အစားရှိသည့် နတ်ရုပ်တုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။
အဆိုပါရုပ်တုမှာ တတိယ ဓညဝတီခေတ်နှောင်းပိုင်း အေဒီ ၄ ရာစုခန့်ကဟုယူဆရသည်ဟုလည်း ပညာရှင်များက ခန့်မှန်းထားကြသည်။

ဆက်စပ် သတင်းများ