သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် မသန်စွမ်းသူများစာရင်း ရခိုင်မြို့နယ် ၇ခုတွင်ကောက်ယူမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၁
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုတွင် မသန်စွမ်းသူများစာရင်းကို ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးက ကောက်ယူသွားမည်ဟု သတင်းရရှိသည်။
မသန်စွမ်းသူများစာရင်း ကောက်ယူမည့်မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံ စသည့် မြို့နယ်များဖြစ်သည်။
အဆိုပါမြို့နယ်များတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် မသန်စွမ်းသူများအတွက် အကာကွယ်ပေးလို၍ ယခုကဲ့သို့ စာရင်းကောက်ယူရန်စီစဉ်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံး ဥက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။
“ကျနော်တို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများ အစည်းအရုံးက လုပ်တာပါ။ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မသန်စွမ်းတွေအတွက် အကာကွယ်ပေး တိုးမြှင့်ခြင်း စီမံကိန်းပါ”ဟု ပြောသည်။
စာရင်းကောက်ယူခြင်းကို လာမည့်အောက်တိုဘာလအတွင်းစတင်မည်ဖြစ်သော်လည်း ရက်အတိအကျကို မပြောနိုင်သေးဟုလည်း ဆိုသည်။
စာရင်းကောက်ယူပြီးပါက မသန်စွမ်းသူများအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများ ပံ့ပို့ကူညီခြင်းများနှင့် အသိအမြင်ဖွင့် နည်းဥပဒေသင်တန်းများပေးသွားမည်ဟုလည်း သိရသည်။
ကျန်မြို့နယ်များရှိ မသန်စွမ်းသူများစာရင်းကို ဘတ်ဂျက်လုံလောက်မှုမရှိသဖြင့် စာရင်းမကောက်ယူနိုင်သေးကြောင်း ပြောသည်။
ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံး ရုံးကို မင်းပြားမြို့နယ် စျေးဟောင်းပိုင်းရပ်ကွက် ဘုရားတကာလမ်းတွင် ဖွင့်လှစ်ထားသည်။
ရခိုင်တစ်ပြည်လုံးတွင် ၂၀၁၉ သန်းခေါင်စာရင်းအရ မသန်စွမ်းသူ စုစုပေါင်း ၅ဝ၅,၅ဝ၃ ဦး ရှိသည်ဟု သိရသည်။
ဓာတ်ပုံ - Rakhine State Disabilities Organization

ဆက်စပ် သတင်းများ