သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

သံတွဲတွင်အရေးပေါ်လူနာများအတွက် လူမှုအဖွဲ့အစည်းတစ်ခုက သွေးအလုံး ၂၀ လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 498

ပြည်စိုးလူ

နိရဥ္စရာ၊ စက်တင်ဘာ ၁၅ / ၂ဝ၂၁

ကိုဗစ်ကာလအရေးပေါ်ကာလ လူနာများအတွက် သွေးလှူဒါန်းသူ နည်းနေသဖြင့် ငပလီမြို့ လင်းသာရပ်ကွက်ရှိ စေတနာ နာရေးကူညီမှုနှင့် သွေးအလှူရှင်အသင်းက သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ သွေးအလုံး ၂၀ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ နံနက်ပိုင်းက ဆေးရုံသို့သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု စေတနာ နာရေးကူညီမှုနှင့် သွေးအလှူရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောသည်။

အခုက ကိုဗစ်ကာလဆိုတော့ လူတိုင်းက သွေးလှူရတာအခက်အခဲရှိတယ်။ အဲဒါကြောင့် အရေးပေါ်လူနာတွေ၊ ခွဲစိတ်လူနာတွေလာခဲ့လို့ရှိရင် အဆင်သင့် လှူလို့ရအောင်ဆိုပြီးတော့ အသင်းသူ၊ အသင်းသားတွေစုပြီးတော့ သံတွဲခရိုင်ပြည်သူ့ဆေးရုံကိုသွားပြီး လှူကြတာပါဟု ပြောသည်။

အဆိုပါအသင်းမှ သွေးအလှူရှင်တစ်ဦးဖြစ်သူ ကိုသက်လွင်ဖြိုးက ကျနော်တို့ သွေးတွေကို အခမဲ့ လှူခွင့်ရတာ ဝမ်းသာပါတယ်။ ကျနော်ကတော့ ပထမဆုံး အကြိမ်လှူဖြစ်တာဆိုတော့ လူ့အသက်တစ်ချောင်းကို ကယ်လိုက်နိုင်သလိုခံစားရပါတယ်ဟု ပြောသည်။

အဆိုပါအသင်းကို ဖွဲ့စည်းထားသည်မှာ ၁၀ နှစ်ခန့်ရှိနေပြီဖြစ်ပြီး သံတွဲနှင့် ငပလီမြို့နယ်အတွင်း နာရေးကိစ္စများ၊ ကိုဗစ်ကိစ္စများနှင့် အခြား လူမှုရေးကိစ္စများကို တက်ကြွစွာလုပ်ဆောင်ပေးနေသည့် ပရဟိတအသင်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ - ကိုသက်လွင်ဖြိုး

ဆက်စပ် သတင်းများ