သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦး ယူနက်စကိုဝင်နိုင်ရေးအတွက်လုပ်ဆောင်ရာ၌ ငွေကြေး ကူညီနိုင်ရန်ရည်ရွယ်၍ Arakan Fc ကတိုကျိုမြို့တွင်ရန်ပုံငွေဘော်လုံး ပြိုင်ပွဲနှင့် ရိုးရာကျင်ပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မေ ၂ /၂၀၂၂
မြောက်ဦး ယူနက်စကိုဝင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရာ၌ လိုအပ်သည့် ငွေကြေး တစ်စိတ်တစ်ပိုင်းကို ဖြည့်စွမ်းကူညီနိုင်ရန်ရည်ရွယ်၍ ဂျပန်နိုင်ငံတွင် Arakan Fcက ကြီးမှူးပြီး ရန်ပုံငွေရရှိရေး ဘော်လုံးပြိုင်ပွဲနှင့် ရိုးရာကျင်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ မေလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက် ရခိုင်အမျိုးသား အများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။
Arakan Fc အသင်းမှပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ကိုညီညီအောင်က "အဓိကက မြောက်ဦး ယူနက်စကို ဝင်ဖို့ ရန်ပုံငွေရရှိချင်တာရယ်၊ ဂျပန် နိုင်ငံမှာရှိတဲ့ ရခိုင်လူမျိုးတွေကို စည်းစည်းရုံးရုံးနဲ့ ရခိုင်ပြည်အတွက် တစ်ဖက်တစ်လှမ်းကကူညီဆောင်ရွက်စေချင်လို့ပါ"ဟု နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
ဘော်လုံးပြိုင်ပွဲတွင် အလှူငွေများထည့်ဝင်ခြင်း၊ အသင်းဝင်ကြေး ကောက်ခံခြင်း၊ အားကစား အကျီရောင်းချခြင်း၊ ထမင်းဗူး အစားအသောက်များ ရောင်းချ၍ ရန်ပုံငွေများ ရှာဖွေခဲ့ကြသည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၃ သင်းပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုရရှိသည့်အသင်းကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ၆ သိန်းကျပ် ချီးမြှင့်ခဲ့ပြီး ကျင်ပွဲတွင် ပထမဆုရရှိသည့်သူကို ငွေကျပ် ၂သိန်းနှင့်ဒ ုတိယဆုကို ကျပ် ၁ သိန်းစည်ဖြင့်ချီးမြှင့်ခဲကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် ကျင်ပွဲကိုပါထည့်သွင်းကျင်းပရခြင်းမှာ အဝေးရောက်ရခိုင်အမျိုးသားများ အနေဖြင့် မိမိတို့၏ရိုးရာအားကစားကို မမေ့လျော့ကြစေရန် ရည်ရွယ်၍ ထည့်သွင်း ကျင်းပရခြင်း ဖြစ်သည်ဟု ကိုညီညီအောင်ကပြောသည်။
" ကျင်ပွဲကို ဒီနှစ်မှပထမဆုံးလုပ်ဖြစ်တာပေါ့နော်။ ဒီကျင်ပွဲကိုပါ ထည့်သွင်း ကျင်းပရတာက ကိုယ့်လူမျိုးက ဘယ်နေရာဘယ်ဒေသဘဲ ရောက်ရောက် ကိုယ့်ရိုးရာကို မမေ့လျော့ဖို့ဆိုတဲ့ သဘောမျိုးနဲ့ ကျင်းပတာ" ဟု ပြောသည်။
ဂျပန်ရောက် ရခိုင်လူမျိုးများသည် အားကစားပြိုင်ပွဲအပါအဝင် ပျှော်ပွဲရွှင်ပွဲများနှင့် အစားအသောက် ရောင်းချပွဲများကို မကြာခဏ ပြုလုပ်ပြီး ရန်ပုံငွေရှာကာ စစ်ဘေးရှောင်များကို ကူညီခြင်း၊ ပညာရေးကဏ္ဍများတွင် ကူညီခြင်း၊ ရေဘေးလေဘေးများအတွက်ကူညီခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ