တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် သမီးရည်းစားစုံတွဲချိန်းတွေ့နေစဉ် လူငယ်အမျိုးသား ဓားထိုးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ၊ ကန်တော်ကြီးဘေး ဝင်လမ်းတွင် လူငယ်စုံတွဲတစ်တွဲသည် ယမန်နေ့က ချိန်းတွေ့နေစဉ် အဆိုပါစုံတွဲမှ လူငယ်အမျိုးသားမှာ ဓားထိုးခံလိုက်ရသည်ဟု သိရသည်။


ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၈ နာရီခန့်က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ငစရိုင်းချောင်း ကျောင်းရှေ့၊ ကန်တော်ကြီးအဝင်လမ်း၌ ချိန်းတွေ့နေချိန် အမည်မသိ လူ ၃ ဦးရောက်လာပြီး ဓားထောက်ကာ သူတို့၏ဖုန်းကို လုယူ၍ လူငယ်အမျိုးသားကို ဓားဖြင့် ထိုးခဲ့သည်ဟု သိရသည်။

ယင်းနောက် ၎င်းလူ သုံးဦးက အမျိုးသမီးငယ်ကိုပါ ခေါ်ဆောင်သွားခဲ့မှုဖြစ်ပွားခဲ့သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကောင်လေးက သူတို့လက်ထဲက ဓားကိုလုတော့ သူတို့က ဓားနဲ့ထိုးခဲ့တာပြောတယ်။ ကောင်မလေးကိုလည်း သူတို့က ကန်တော်ကြီးဘက်ကို ဆွဲခေါ်သွားကြတယ်။ ဒါပေမဲ့ ကောင်မလေးကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ အေးဆေးလွှတ်ပေးလိုက်လို့ အိမ်ရောက်လာတယ်လို့ ပြောတယ်ဟုပြောသည်။

ဓားထိုးခံရသူမှာ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် အကွက်(၃) မှ အသက် (၂၀) နှစ် အရွယ် လူငယ်တစ်ဦးဖြစ်သည်။

ဓားထိုးခံရမှုကြောင့် သူ၏နောက်ကျော၌ ဓားထိုးဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး လက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟု ယမန်နေ့က လူနာကို သွားရောက် ယူဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာဂီဖြိုးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ယခုအခင်းဖြစ်ပွားခဲ့သည့် စစ်တွေ ကန်တော်ကြီးဘောင်တွင် ယမန်နေ့ည ၉ နာရီခွဲခန့်ကလည်း အသက် ၂၀ မှ ၃၀ ကြားအရွယ်ရှိသည့် လူငယ်တစ်ဦးကိုလည်း ပြင်ပ ဒဏ်ရာများမရှိဘဲ သေဆုံးနေသည်ကို ပိုင်ရှင်မဲ့တွေ့ခဲ့ရသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ပြည်နယ်၏မြို့တော် စစ်တွေတွင် ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုများ တစ်နေ့တစ်ခြားတိုးပွားလျက်ရှိပြီ ပြည်နယ်အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ကလည်း စုံစမ်းဖော်ထုတ်အရေးယူနိုင်မှု အားနည်းလျက်ရှိရာ ပြည်သူများမှာ အလွန်တရာ စိုးရိမ်မကင်း ဖြစ်နေကြရသည်ဟု မြို့ခံများက ပြောသည်။


ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ