တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတည်ထောင်သူ ဥက္ကဋ္ဌဦးမင်းထည်ဝါ လူသားအကျိုးပြု လုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ချီးမြှင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ မတ် ၄ / ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ အသင်း၏ ဥက္ကဋ္ဌ ဦးမင်းထည်ဝါအား လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာ ဘွဲ့ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာပရဟိတဒေါက်တာဘွဲ့ (Doctor of Humane Social Services (D. H. S. S)အား Emmaus International Theological University (Kalay Myanmar)က မနက်ဖြန် မတ်လ ၅ ရက်တွင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရောင်မေတ္တာဖောင်ဒင်းရှင်းမှာ ပြီးခဲ့သည့် ၄ နှစ်တာကာလတလျှောက် စစ်တွေအပါအဝင် ရခိုင်ပြည်တွင်းရှိ နေ့တဓူဝ  လူမှုကူညီရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ကာ ပြည်သူအများအားထားနေရသည့် အသင်းတခုဖြစ်သည့်အတွက် ပရဟိတအဖွဲ့တည်ထောင်သူ ဦးမင်းထည်ဝါကို ဘွဲ့ချီးမြှင့်သည့်အပေါ် ဝမ်းသာဂုဏ်ယူမိကြောင်း သူ၏မိတ်ဆွေလည်းဖြစ်၊ စစ်တွေမြို့မှ သာသနာ့အကျိုးတော်ဆောင်တစ်ဦးလည်းဖြစ်သူ ဦးတင်ငြိမ်းဦးက ပြောသည်။

"ဒီဘွဲ့ဂုဏ်ပြုချီးမြှင့်တာ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် အခုလို ချီးမြှင့်တဲ့အပေါ် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ သူလည်း အမှန်တကယ် ပေးဆပ်ခဲ့ပြီး စွမ်းစွမ်းတမံ ဒီလုပ်ငန်းကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်" ဟု ပြောသည်။

ဦးမင်းထည်ဝါသည် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလခန့်တွင် စစ်တွေ၌ စတင်တည်ထောင်ခဲ့ပြီး ဖောင်ဒေးရှင်းစတင်တည်ထောင်စဉ်က မြောက်ဦးဆရာတော်ဘုရားကြီးက လှူဒါန်းသော လူနာတင်ကားတစ်စီးဖြင့် ပရဟိတလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းမှ တဖြည်းဖြည်း ပရဟိတအသင်းသားများတိုးလာပြီး နာရေးနှင့် အရေးပေါ်ကူညီပို့ဆောင်မှု စသည့်လူသားအကျိုးပြုပရဟိတလုပ်ငန်းများကို လက်ရှိတွင် စစ်တွေမြို့အပါအဝင်၊ ရခိုင်တပြည်လုံးမှမြို့နယ်များထိ ကျယ်ကျယ်ပြန့်ပြန့်ကူညီလုပ်ကိုင်လာနိုင်သည်ကိုတွေ့ရကြောင်း ၄င်း၏ မိတ်ဆွေများက ပြောဆိုကြသည်။

ဦးတင်ငြိမ်းဦးက "သူဒီဖောင်ဒေးရှင်းကို စထောင်တုန်းကဆိုရင် မြောက်ဦးဆရာတော်ကြီးလှူဒါန်းတဲ့ အရေးပေါ်လူနာတင်ကားတစ်စီးနဲ့ စတင်လုပ်လာခဲ့တာပါ။ အဲဒီကတဆင့်အလှူရှင်တွေက သူ့လုပ်ဆောင်မှုအတွက်ပံ့ပိုးလာကြတယ်။ ပရဟိအဖွဲ့သားတွေလည်း တိုးလာပြီးတော့အခုဆိုရင် စစ်တွေမြို့လောက်မကဘဲ ရခိုင်တပြည်နယ်လုံးထိ လူနာသယ်ယူတာတွေ၊ ရခိုင်ပြည်ပြင်ပက ဆေးရုံကြီးတွေအထိ လိုက်လုပ်ပေးနေပြီ" ဟု ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသည် စစ်တွေအပါအဝင် ရခိုင်ရှိ သာရေး၊ နာရေးကိစ္စများအပြင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့သောအခါတွင်လည်း သယ်ယူပို့ဆောင်ရေးကိစ္စများအပါအဝင် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် လူထုက အားကိုးရသည့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်တွေမြို့ခံတဦးကလည်း "ကျနော်တို့သိရသလောက်ဆိုရင် အက်ဆီးဒင့်ဖြစ်တဲ့လူနာတွေ၊ မကျန်းမာတဲ့ လူနာတွေဆေးကုသဖို့ အရေးပေါ်ပို့ဆောင်နေပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ နာရေး၊ ရှင်ရေးတွေအတွက် အများက အားကိုးနေရတဲ့ပရဟိတအဖွဲ့အစည်းပါပဲ" ဟု ပြောသည်။

အလားတူ ရခိုင်ရှိ လူမှုပရဟိတအဖွဲ့အစည်းများနှင့်ပရဟိတလုပ်ကိုင်နေသူများကလည်း ၄င်းတို့၏လူမှုကွန်ရက်စာများနှာများတွင် ဦးမင်းထည်ဝါအား လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ချီးမြှင့်ခံရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူမိပြီး ပရဟိတလုပ်ငန်းမှာ သာမန်စွန့်လွှတ်ပေးဆပ်မှုဖြင့် မလုပ်နိုင်ကြောင်း မှတ်တမ်းတင်ရေးသားဖော်ပြထားကြသည်။

ယခုဘွဲ့အား မည်သည့်နေရာတွင် ပေးအပ်မည်နှင့် ဘွဲ့ချီးမြှင့်ခံရမှုနှင့်ပတ်သက်ပြီး ဖောင်ဒေးရှင်းတည်ထောင်သူ ဦးမင်းထည်ဝါအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ
(NN-23)

ဆက်စပ် သတင်းများ