တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင့်ဂီတပညာရှင် ဦးစောနု အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဧပြီ ၄/၂၀၂၃

ရခိုင့်ဂီတအနုပညာရှင် ဦးစောနုသည် အသည်းကင်ဆာရောဂါဖြင့် ယနေ့ ဧပြီ ၄ ရက် ညနေတွင် ရန်ကုန်မြို့တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အသက် ၇၆ နှစ်အရွယ် ရခိုင်ဂီတအနုပညာရှင် ဦးစောနုသည် အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဒါဝီဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ ဧပြီလ ၄ ရက်၊ ညနေ ၇ နာရီခွဲခန့်တွင်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက နိရ ဥ္စရာသို့ ပြောသည်။

"ဆရာက အသည်းမကောင်းတော့တာဗျ။ အသည်းခြောက်သွားတာပါ။ ဒါနဲ့ ကွယ်လွန်သွားတာပါ။  လောလောဆယ်တော့ အလောင်းကို ရေခဲတိုက်ကိုအရင်ပို့ရအုံးမယ်။ ဘယ်မှာ သင်္ဂြိုလ်မယ်ဆိုတာတွေက သေချာမသိရသေးပါဘူး" ဟုပြောသည်။

ရခိုင့်ဂီတအနုပညာရှင် ဦးစောနုသည် နိုင်ငံကျော် တေးသံရှင် တင်ဇာမော်၊ စည်သူလွင်၊ ချောစုခင်၊ ဟဲလေး၊ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီနေတိုးနှင့် ရခိုင့်နာမည်ကြီးအဆိုတော် ဝင်းကိုခိုင်တို့ အပါအဝင် ဂီတအနုပညာရှင်ပေါင်း မြောက်မြားစွာကို မွေးထုတ်သင်ကြားပေးခဲ့သူဖြစ်သည်

ယင်းအပြင် ဂီတမျိုးဆက်သစ်များအတွက် ယခုနောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း အဆိုသင်တန်း၊ ဂစ်တာသင်တန်းနှင့် အော်ဂင်သင်တန်းများကို သင်ကြားပို့ချပေးနေသူဖြစ်သည်။

ဆရာကြီး ယခုကဲ့သို့ ကွယ်လွန်သွားသည့်အတွက် ဆရာကြီး၏တပည့်တပန်းများနှင့် ဆရာကြီးအား လေးစားကြည်ညိုသူများက နှမြောတသဖြစ်နေကြကြောင်း သိရသည်။

ဆရာကြီးဦးစောနုကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်ဖြူမြို့နယ် မဒေးကျွန်း၊ ပြိန်းချောင်းကျေးရွာမှာ မွေးဖွားခဲ့ပြီးမွေးချင်း ၅ ဦးအနက် အငယ်ဆုံးဖြစ်ကြောင်း သိရသည်။

ဆရာကြီးဦးစောနုသည် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပန်တျာအနုပညာကျောင်း၌ ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ပြီး ရုရှားနိုင်ငံမှဂီတပညာသင်ဆုခေါ်ယူရာတွင် လျှောက်ထားအောင်မြင်သွားခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ဂီတပညာသွားရောက်သင်ယူခဲ့ကာ ၆ နှစ်ကြာသင်ယူပြီးနောက် Bachelor Of Music ဘွဲ့ကိုရယူခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာခဲ့ကြောင်း သိရသည်။ (NN-8)

 

Photo - U Saw Nu Vocal class facebook

ဆက်စပ် သတင်းများ