သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေထောင်မှအကျဉ်းသားများအတွက် မေယုဒေသပရဟိတက အနွေးထည်၁ဝဝလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ၄/၂ဝ၂ဝ

စစ်တွေအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအတွက် မေယုဒေသပရဟိတအဖွဲ့မှ ယနေ့တွင် အနွေးထည် ၁ဝဝ ကို ပေးပို့လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

၄င်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမေယုထွန်းက “ ဒီနေ့မှာတော့ ကျနော်တို့ အဖွဲ့က စစ်တွေ အကျဉ်းထောင်မှာရှိတဲ့ လူတွေကို အနွေးထည် ၁ဝဝ ကို မေယုဒေသပရဟိတ အဖွဲ့ကလှူးဒါန်းခဲ့ပါတယ်” ဟု ပြောသည်။

လှူဒါန်းရသည့် ရည်ရွယ်ချက်ကို သူက ယခုလို ဆက်ပြောသည်။

“ လှူဒါန်းရတာကတော့ စစ်တွေအကျည်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကြမ်းဖက်တွေနဲ့ ဖမ်းထားတဲ့ လူတွေကို အဓိကရည်ရွယ်ပြီးတော့ လှူဒါန်းရတာဖြစ်တယ်။ အဲဒီထဲမှာမှ ကိုဗစ်နဲ့ စစ်ပွဲတွေကြောင့် နယ်မှာရှိတဲ့ မိသားစုတွေက လာဖို့အတွက် အဆင်မပြေဘူး။ အဲဒါကြောင့် ကျနော်တို့က အနွေးထည်အင်္ကျီမရှိတဲ့ လူတွေကို အဓိက ဦးစားပေးပြီး လှူဒါန်းတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်တွေအကျည်းထောင်တွင် ကိုဗစ်ကြောင့် ထောင်ဝင်စာများကို ပိတ်ထားသဖြင့် ၄င်းတို့ ကိုယ်တိုင် လှူဒါန်းခွင့်မရခဲ့ကြောင်း၊ သို့သော်လည်း ထောင်တာဝန်ရှိသူများမှ တစ်ဆင့် ပေးပို့ခဲ့ကြောင်း ကိုမေယုထွန်းက ဆက်ပြောသည်။

မေယုဒေသ ပရဟိတအဖွဲ့မှ တစ်လကို နှစ်ကြိမ်နှုန်းဖြင့် စစ်တွေအကျည်းထောင်တွင်ရှိသော အကျဉ်းသားများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

မေယုဒေသ ပရဟိတအဖွဲ့သည် ထောင်ထဲရှိ အခက်အခဲဖြစ်နေသူများကိုသာမက ရခိုင်စစ်ဘေးရှောင် စခန်းများတွင်လည်းဆန်၊ဆီ၊ဆားစသည့် စားနပ်ရိက္ခာအပါအဝင် စောင်၊ ခြင်ထောင်၊ ဖျာ၊ အနွေးထည်များကိုသာမက စခန်းတွဲများကိုလည်းဆောက်လုပ်ကူညီလှူဒါန်းနေသော လူမှုအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ