သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စွန်ရဲမြစ်ကို ဖြတ်သန်းသွယ်တန်းထားသည့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ကြိုးများ အလွန်နိမ့်ဆင်းနေ၍ မြစ်အတွင်းသွားလာသူများအတွက် အသက်အန္တရာယ်စိုးရိမ်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ကြား ဖြတ်သန်းစီးဆင်းနေသည့် စွန်ရဲမြစ်ကို ဖြတ်သန်းသွယ်တန်းထားသော မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဝါယာကြိုးများမှာ အလွန်နိမ့်ဆင်းနေသဖြင့် မြစ်အတွင်းသွားလာနေသူများအတွက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု သိရသည်။
စွန်ရဲ မြစ်ကိုဖြတ်သန်းတည်ဆောက်ထားသည့် စွန်ရဲတံတားထက် ထိုဝါယာကြိုးများသည် အလွန်နိမ့်ဆင်းနေ၍ စွန်ရဲမြစ်ပေါ်တွင်သွားလာနေကြသည့် စက်လှေကြီးများ၊ မော်တော်ဘုတ်များနှင့် ငါးဖမ်းစက်လှေများသည် ထိုကြိုးများကို ဝါးလုံးဖြင့် ဖယ်ရှားပြီးသွားလာနေရသဖြင့် အလွန်အန္တရာယ်များနေကြောင်း သိရသည်။
ကိုယ်တိုင်ကြုံခဲ့ရသည့် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “ဘုတ်တွေသွားတဲ့အခါမှာ ခေါင်မိုးမြင့်တဲ့အတွက် အဲဒီ လျှစ်စစ်မီးကြိုးနဲ့ ထိမိတာတွေဖြစ်တယ်။ ဒီရေကျရင်တော့ လွတ်တယ်။ ဒီရေတက်တာနဲ့ မလွတ်ဘူး” ဟု ပြောသည်။
အဆိုပါလျှပ်စစ်ဝါယာကြိုးမှာ အလွန်နိမ့်ဆင်းနေ၍ အများပြည်သူ ခရီးသွားလာရေး အနှောင့်အယှက်ဖြစ်နေသည်မှာ ဟုတ်မှန်ပြီး ယခုကိစ္စကို သက်ဆိုင်ရာဌာနများထံ အကြောင်းကြားသော်လည်း ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တာဝန်ရှိသူများထံ တင်ပြထားသည်ဟုသာ အကြောင်းပြန်ခြင်းများရှိသည်ဟု စွန်ရဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းလွင်က ပြောသည်။
“ အဲဒီ လျှပ်စစ်ဝါယာကြိုးတွေက မြစ်ကိုဖြတ်ပြီးသွယ်တန်းထားတာက တံတားထက်တောင်နိမ့်ကျနေပါတယ်။ လျှောဆင်းပြီးတော့ အရမ်းနိမ့်နေပါတယ်။ အဲဒီမှာ စက်လှေတွေ၊ ဘုတ်တွေသွားတဲ့အခါလည်း အနှောင့်အယှက်ဖြစ်ပြီး အန္တရာယ်လည်း များပါတယ်” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုးဝင်းက မနက်ဖြန် သွားရောက်စစ်ဆေးကြည့်ပေးမည်ဟု နိရဥ္စရာကို ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း စွန်ရဲမြစ်ကြောင်းအတိုင်း ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာမှ မောင်းနှင်လာသည့် ဘုတ်တစ်စီးမောင်းနှင်လာရာ အဆိုပါဝါယာကြိုးများနှင့်မလွတ်ကင်းသဖြင့် ဝါးလုံးဖြင့်ဖယ်ရှားရာမှ ဖဒူချေကျေးရွာမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ