သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင်မေလအတွင်း ဓာတ်လိုက်သေဆုံးသူ ၄ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

နိရဉ္စရာ၊ မေ ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် ယမန်နေ့ မေ ၁၇ ရက်ကဓာတ်လိုက်၍ မူဆလင်လက်သမားတစ်ဦး သေဆုံးသွားပြီးနောက် မေလတစ်လအတွင်း သေဆုံးသူ ၄ ဦးအထိ ရှိသွားပြီဟု သတင်းရရှိသည်။
ယမန်နေ့က ဓာတ်လိုက်သေဆုံးခဲ့သူမှာ စစ်တွေမြို့နယ်၊ သံတော်လီကျေးရွာနေ အသက် ၃၀ အရွယ် မူဆလင်လူမျိုး ဦးအာဆာဟဆင်းဖြစ်သည်။ ၎င်းသည် လမ်းမတော်မြောက်ရပ်ကွက် ဆတ်ရိုးကျ တံတားအနီးတွင် ဘုတ်ပြင်နေစဉ် အတွင်း ယမန်နေ့ ညနေ သုံးနာရီခွဲခန့်က ဓာတ်လိုက် သေဆုံး သွားခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးသူ အလောင်းကို လာရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ရွှေရောင်(၁၁) လမ်းကြောင်းတာဝန်ခံ ကိုဗျာလ္လက “သူကဘုတ်လုပ်နေတဲ့ လက်သမားပါ၊ ကုန်းပေါ်မှာ လုပ်ကတည်းကနေ ဓာတ်တစ်ခေါက်လိုက်ခဲ့သေးတယ်။ လုပ်ခိုင်းတဲ့ ဘုတ်ပိုင်ရှင်က အပေါက် ဖောက်တဲ့ ဒရိန်းကို လဲဖို့ခိုင်းခဲ့သေးတယ်။ ဒါပေမယ့် သူတို့ကရတယ်ဆိုပြီး ဘုတ်အောက်ကို ဆင်းပြီးအပေါက်သွားဖောက်တာမှာ ဖောက်တဲ့ ဒရိန်းမှာ ရှော့ခ်ဝင်ပြီးတော့ ဖြစ်သွားတာပါ” ဟု နိရဉ္စရာသို့ပြောသည်။
စစ်တွေတွင် ယခုသေဆုံးနှင့်ပါဆိုလျှင် တစ်လတည်းအတွင်း သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်း၊ နောက်ထပ် ၃ ဦးမှာ ပြီးခဲ့သည့် မေလ ၄ ရက်တွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး၊ မေလ ၁၃ ရက်တွင် အမျိုးသား တစ်ဦး၊ မေလ ၁၄ ရက်တွင် လူငယ်အမျိုးသား တစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သွားရောက်သယ်ဆောင်ခဲ့ရသည့် ဓာတ်လိုက်သေဆုံးသည့် အလောင်းမှာ မေလအတွင်း ၄ လောင်းရှိကြောင်း ၎င်းကပြောကြားသည်။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့တွင် ဓာတ်လိုက်သေဆုံးမှုများ မကြာခဏ ရှိနေသဖြင့် ပြည်သူများအနေဖြင့် မိမိတို့အိမ်တွင်ရှိသည့် လျှပ်စစ်ပစ္စည်းများကို သေချာစိစစ်ပြီး ကိုင်တွယ် အသုံးပြုကြရန်လိုအပ်ကြောင်း ကိုဗျာလ္လက ဆက်လက်ပြောဆိုသည်။ (NN-8)

ဆက်စပ် သတင်းများ