သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပလက်ဝတွင် စက်သုံးဆီပြတ်နေ၍ တစ်နေ့လျှင် လျှပ်စစ်မီး ၃ နာရီခန့်သာရတော့သည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် စက်သုံးဆီပြတ်လပ်နေ၍ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ မြို့တစ်ခုလုံးလျှပ်စစ်မီး ၃ နာရီခန့်သာရရှိတော့ကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝမြို့တွင် ဒီဇယ်သုံး မီးစက်ကြီးဖြင့် လျှပ်စစ်မီးဖြန့်ဝေရာ၌ အုပ်စုနှစ်အုပ်စုကို (၂) ပိုင်းခွဲထားပြီး တစ်အုပ်စုနှင့် တစ်အုပ်စုအကြား တစ်ရက်ခြားစီ မီးပေးဝေနေခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။
ယခင်က တစ်နေ့လျှင် ညနေ ၆ နာရီမှ ညဉ့် ၁၁ နာရီအထိ ပုံမှန်မီးရရှိခဲ့ရာမှ ယခုအခါ ညနေ ရ နာရီမှ ည ၉ နာရီအထိသာ ရရှိတော့ကြောင်း ဒေသခံများက ပြောသည်။
“မီးလာချိန်နည်းတော့လည်း ကလေးတွေ စာဖတ်ရတာသိပ်အဆင်မပြေဘူးလေ။ ဆီတွေပြတ်နေလို့ မီးရချိန်ပုံမှန်မဟုတ်တာလို့ ပြောသံကြားတယ်” ဟုပြောသည်။
ယခုအခါတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပလက်ဝမြို့နယ်သို့ ကုလားတန်မြစ်ကြောင်းမှ သွားလာနေသည့် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်က ပလက်ဝတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက ပိတ်ထားလိုက်ခြင်းဖြစ်သည်။
ထိုသို့ ပလက်ဝမြို့နယ်ကို ကုန်စည်များပို့ဆောင်နေသည့် ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ကြောင်းလမ်းကို ပိတ်ထားလိုက်သဖြင့် ပလက်ဝမြို့တွင် စက်သုံးဆီများလည်း စျေးနှုန်းအဆမတန်မြင့်မားနေကာ ၀ယ်ယူရခက်ခဲနေပြီး စက်သုံးဆီပြတ်လပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နောက်ထပ် ပလက်ဝဒေသခံတစ်ဦးကလည်း “မီးကတော့ အဆင်ပြေတာသိပ်မရှိဘူး။ ခါတိုင်းထက်ပိုပြီး နည်းတယ်။ အခုကုန်းလမ်း၊ ရေလမ်းတွေလည်း ပိတ်ထားတော့ ဆီတွေလည်း မရောက်ဘူးလေ။ ဆီမရှိလို့တော့ ဖြစ်နိုင်တယ်။ သေချာတော့ မသိရဘူး။ မီးကတစ်နေ့မှာ ၃ နာရီလောက်ပဲရတာ အခုက” ဟု ပြောသည်။
ပလက်ဝမြို့တွင် လျှပ်စစ်မီးကို တစ်မြို့လုံးနေ့တိုင်းပုံမှန်မရရှိသည့်အပြင် မီးပေးဝေသည့်အချိန်မှာ ယခင်ကထက်နည်းလာသောကြောင့် ဒေသခံများအနေဖြင့် လျှပ်စစ်မီးသုံးစွဲရာတွင် အခက်အခဲများဖြစ်နေရကြောင်း သိရသည်။
လက်ရှိတွင် ပလက်ဝသို့ ကုလားတန်မြစ်ကြောင်းမှ တစ်ပတ်လျှင်တစ်ကြိမ်ပြေးဆွဲနေသည့် အစိုးရဇက်ရေယာဉ်မှာလည်း ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစတင်ကာ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတို့နှင့် စစ်ကောင်စီကလမ်းပိတ်ထားမှုတို့ကြောင့် ပြေးဆွဲနိုင်ခြင်းမရှိတော့ဟု သိရသည်။
အလားတူ အခြားစက်လှေငယ်များလည်း ဖြတ်သန်းသွားလာ၍မရသဖြင့် ပလက်ဝတွင် ဆန်များလည်း ၀ယ်ယူ၍မရအောင်အထိ ပြတ်လပ်နေပြီး ကုန်စျေးနှုန်းများ အဆမတန်စျေးနှုန်းမြင့်တက်လျက်ရှိနေကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ