သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

​ စစ်ဘေးရှောင်ရန်သွားကြသည့် စစ်တွေမြို့နယ်မှ ကလေးငယ်များ အပါအဝင် အမျိုးသမီးနှင့် သက်ကြီးရွယ်အို ၄၀ ထက်မနည်းကို စစ်ကောင်စီဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

သဉ္ဇာနွယ်၊ နိရဉ္စရာ ဇွန် ၂၂/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်ရန်သွားသည့် ကလေးငယ်အပါအဝင် အမျိုးသမီးနှင့် သက်ကြီးရွယ်အို  ၄၀ ထက်မနည်းကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီများက ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာနှင့် နာရီကန်ကျေးရွာမှ ဒေသခံများဖြစ်သည်။

၎င်းတို့အားလုံးကို  ဇွန်လ ၂၀ရက်နေ့ ည ၉နာရီခန့်က ၎င်းတို့၏ရွာမှ ပုဏ္ဏားကျွန်း မြို့နယ်ဘက်သို့ စစ်ဘေးရှောင်ရန်သွားစဉ်  စစ်တွေမြို့နယ် ကျောက်တန်းကြီးဂိတ်တွင် ကင်းပုန်း ဝပ်နေကြသည့် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသွားခဲ့သည်ဟု စစ်တွေမြို့ခံ အမျိုးသား တစ်‌ဦးက နိရဉ္စရာ ကိုပြောသည်။

စစ်တွေမှာ စစ်ဖြစ်လာရင် စစ်ကောင်စီရဲ့ လူသားဒိုင်းကာ ဖြစ်သွားမှာကြောက်လို့ ဘေးကင်းနိုင်မယ့် နေရာတွေကို စစ်ဘေးရှောင်ကြတာပါ။ ညဖက်နေဝင်ချိန်မှာ သွားကြတယ်။  ကလေးတွေရော လူကြီးတွေရော အကုန်ဖမ်းသွားတယ် ကျောက်တန်းကြီးဂိတ်က စစ်သားတွေက ဖမ်းသွားတာပါ အခုထိအဆက်အသွယ်မရသေးပါဘူး" ဟုပြောသည်။

စစ်တွေမြို့နယ် ကျေးရွာများမှ ဒေသခံများမှ  ရွာများပြောင်းရွေ့ ခံရခြင်း၊ နေအိမ်များ ဖြိုဖျက်ခံရခြင်း၊ ရွာထဲတွင် နေလျှင်လည်း စစ်ကောင်စီမှ မထင်မှတ်သလို ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်ခံရခြင်း၊ ငွေညှစ်ခံရခြင်း စသည့်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး  သေမထူးနေမထူးဘ၀ဖြင့် နေထိုင်နေကြရ တစ်ခြားမြို့နယ်ဘက်သို့  စစ်ရှောင်ရန်သွားရောက်ကြရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

" အိမ်မှာနေရင်လည်း လာဖမ်းသွားမလား ကြောက်နေရတယ်။ ရွာကိုလာဖြိုမလား အိမ်ကို ဖြိုမလား စိုးရိမ်နေကြရတယ်။ သမီးပျိုတွေရှိရင် ပိုစိတ်မချဘူး  ရွာမှာ မနေရဲလို့ တခြားကိုစစ်ရှောင်ရင်လည်း အဖမ်းခံရပြန်ရော။ ဘဝက သေမထူးနေမထူးပါဘဲ" ဟုပြောသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း အမြင့်ကျွန်း၊ ပါဒလိတ်၊ အောင်တိုင်ရွာတို့မှ စစ်ဘေး ရှောင်သည့်  ပြည်သူ ၁၁ ဦးကို  အမြင့်ကျွန်းရွာအောက် မြစ်ထဲတွင် ကျောက်ခ ရပ်နားထားသည့်စစ်ကောင်စီရေတပ်နေဗီမှ ဖမ်းဆီးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦးမှာ လွတ်မြောက်လာခဲ့ပြီး အမျိုးသား ၂ ဦးကို သတ်ပစ်ကာ ကျန်အမျိုးသမီး ၂ ဦးကိုလက်ရှိ အချိန်ထိ ဖမ်းဆီးထားသည်ဟု  သိရသည်။

ဇွန်လ ၄ရက်နှင့် ၁၃ရက်နေ့ကလည်း စစ်ကောင်စီမှ ဖမ်းဆီးထားသည့် အောင်တိုင်ကျေးရွာမှ ကျေးရွာသားအမျိုးသား ၉ ဦးနှင့် ကျက်တောပြင်မှ အမျိုးသား ၁ လည်း သတင်းအစအန ပျောက်နေကြောင်း ဒေသခံများကပြောသည်။

ဇွန်လ ၁ ရက်‌ နေ့မှ ဇွန်လ ၂၂ ရက်နေ့ ထိ  စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသူ ၂၀ ကျော်အထိရှိနေပြီး အဆက်အသွယ်မရကြသေးသည့်သူနှင့် မလွတ်မြောက်နိုင်သေးသူများလည်း ရှိနေကြကြောင်း မိသားစုဝင်များကပြောသည်။

 

ဆက်စပ် သတင်းများ