ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ် ပန်းတင်ကျွန်းကို စစ်ကောင်စီ လေတပ်မှ ဗုံးလာကြဲ၍ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

သဥ္ဇာနွယ်/နိရဥ္စရာ၊ ဇွန် ၁၈/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကို မကွေးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်၊ ပန်းတင်တိုက်နယ် ပန်းတင်ခုံဘုရားကုန်းအနီးတစ်ဝိုက်နှင့် ကျေးရွာ အနီးအနား တစ်ဝိုက်ကို ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၉နာရီဝန်းကျင်က မကွေးဖက်မှ တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့၍  ရွာထဲသို့ ကျရောက် ပေါက်ကွဲကာ လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ ဒီနေ့မနက်က ရုတ်တရက်ကြီး ဗုံးလာကြဲတော့ ရွာထဲက လမ်းမှာ သွားနေကြတဲ့ သူငယ်ချင်း မိန်းကလေးနှစ်ယောက် ကိုကျည်စထိမှန်သွားပြီး ပွဲချင်းပြီးသေသွားပါတယ်။ အသက်ကြီး အမျိုးသမီးကြီးတစ်ယောက်လည်း ပွဲချင်းပြီးသေသွားတယ်။ မိန်းကလေး တစ်ယောက်ကတော့ အရင်နှစ်က ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့  အောင်တဲ့သူ တစ်ယောက်ပါတယ်။ ပြီးတော့ တစ်ရွာထဲက နောက်ထပ် ယောကျ်ား ၁ ယောက်သေသွားတယ်။ ဗုံးက ၃ လုံးအထိ ကျတယ်။ ဒဏ်ရာရတဲ့သူလည်းများနေတယ်” ဟုပြောသည်။

ယင်းအပြင် တောင်ကုတ်- ရမ်းဗြဲကြားတွင် ရပ်ထားသည့် နေဗီမှ လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသဖြင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ ရုပ်အလောင်းကိုပင် မကောက်ယူနိုင်သေးဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တောင်ကုတ် ဒေသခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အခု မနက် ၁၁နာရီကျော်မှာ နေဗီကလည်း ပစ်နေတယ်။ ဗုံးကြဲပြီး မကြာသေးဘူး နေဗီကလည်း ထပ်ပစ်တော့ ရွာသားတွေက အလောင်းကိုတောင် မကောက်နိုင်သေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလိုရုတ်တရက် စစ်ကောင်စီမှ ဗုံးလာကြဲသည့်အပြင် နေဗီကပါ လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ပန်းတင်၊ ကံဆိပ်တောင် ဒေသခံကျေးရွာသားများမှ ထွက်ပြေး တိမ်းရှောင်နေရပြီး စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

ဆက်စပ် သတင်းများ