အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်ကောင်စီ၏ တပ်ရင်းစခန်းများက တစ်နေ့လုံးလက်နက်ကြီးပစ်ခတ်၍ မြို့နေပြည်သူများ အထိတ်တလန့်ဖြစ်ကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၈/၂၀၂၄

ရခိုင်ပြည်မှ ခရိုင်မြို့ တောင်ကုတ်တွင် စစ်ကောင်စီ၏ တပ်ရင်းစခန်းများက တစ်နေ့လုံး လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ၍ မြို့ခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်ဟု သတင်းရရှိသည်။

ယနေ့သြဂုတ်လ ၈ ရက်၊ နံနက် ၇ နာရီကနေ နေ့လယ်ပိုင်းအထိ အတွဲလိုက်ဒုံးများအပါအဝင် လက်နက်ကြီး ပစ်ခတ်နေခြင်းဖြစ်ပြီး မည်သည့်နေရာများသို့ပစ်ခတ်နေသည်ကို မသိရှိနိုင်ကြောင်း တောင်ကုတ်မြို့မှ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"လက်နက်ကြီးက မနက် ၇ နာရီကနေ ပစ်နေတာ။ အခု နေ့လယ် နှစ်နာရီကျော်အချိန်ထိ ဆက်ပစ်နေသေးတယ်။ ဘာကြောင့်ပစ်နေတာလဲတော့ မသိဘူး။ အတွဲလိုက်ဒုံးတွေနဲ့ ပစ်တာလို့လည်း ပြောကြတယ်။ ဘယ်နှစ်လုံးပစ်တယ်ဆိုတာလည်း မရေထားမိတော့ဘူး" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်နက် ကြီးပစ်ခတ်မှုဆက်တိုက်လုပ်နေသည့်အတွက် မြို့ခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်နေကြသည်ဟု နောက်ထပ် တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးကပြောသည်။

"တိုက်ပွဲတွေဘာတွေဖြစ်လို့ ပစ်တာမျိုးလည်းမဟုတ်ဘူး။ ဘယ်နေရာ ဘယ်ဒေသတွေကို လှမ်းပစ်နေတာလည်း မသိနိုင်ဘူး။ ပြည်သူတွေကတော့ စိုးရိမ်နေကြတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့ ခမရ(၅၄၄)တပ်ရင်း၊ စကခ(၅) တပ်မနှင့် ပန်းမြောက်တောင်စစ်စခန်း၊ တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင်တောင်စစ်စခန်း၊ စိတ္တသုခ တပ်ဦးကျောင်းတောင်တို့မှ လက်နက်ကြီးများပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည်များ မည်သည့်ဘက်သို့ကျရောက်ပေါက်ကွဲသည်ကို မသိရှိရသေးပေ။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွက် အာရက္ခတပ်တော် (AA) လှုပ်ရှားနေသည့် နေရာများကို ရမ်းသန်းပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံများကထင်ကြေးပေးပြောဆိုကြသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ ညဥ့်အချိန်ကလည်း တောင်ကုတ်တက္ကသိုလ်ဘက်မှ လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့သလို ဩဂုတ်လ ၄ ရက်ကလည်း မြို့ပေါ်စစ်ကောင်စီတပ်ရင်းများက နေ့ရောညပါ လက်နက်ကြီးပစ်ခတ်ခဲ့သည်။

 

ဆက်စပ် သတင်းများ