အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်မှ ဆေးဝန်ထမ်းတစ်ဦး၊ အလယ်တန်းပြဆရာမတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဉ္ဇာနွယ်၊ မင်းသျှင်စော၊ နိရဉ္စရာ၊သြဂုတ် ၂၆/၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့တွင် ဆေးဝန်ဆောင်မှု ပေးနေသူတစ်ဦး၊ အလယ်တန်းပြဆရာမတစ်ဦးနှင့် ဖခင်ဖြစ်သူတို့  ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ တောင်ကုတ်မြို့နယ်၊ ကင်းတောင်တိုက်နယ်၊ လမူးစံပြကျေးရွာ အထက်တန်း ကျောင်းတွင် တာဝန်ကျနေသည့် အလယ်တန်းပြကျောင်းဆရာမ ဒေါ်ခင်သူဇာအောင် (၃၂)နှစ်နှင့် ဖခင်ဖြစ်သူ ဦးမြတ်ဌေး (၅၂)နှစ်၊  မြို့ဟောင်းကျေးရွာမှ ဉီးအောင်သာထွန်း (၄၈)နှစ် တို့ဖြစ်ကြသည်။

ဆရာမနှင့် ဖခင်ဖြစ်သူတို့အား  ဩဂုတ် ၂၃ ရက်က တောင်ကုတ်မြို့မှ လစာထုတ်ပြီး လမူးစံပြကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် အပြန်တွင် တောင်ကုတ် တက္ကသိုလ်စစ်တပ်ဂိတ်မှ စစ်ဆေးစဉ် ဖခင်ဖြစ်သူ ဦးမြတ်ဌေးထံတွင် ဆေးဝါးများတွေ့ရှိ၍  ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

"ဖမ်းရတဲ့အကြောင်းအရင်းက ဆေးတွေ တွေ့လို့တဲ့။ ဆရာမအဖေက နယ်မှာ ဆေးကုပေးတဲ့ ဆေးဆရာပါ။ မြို့ထဲက လိုအပ်တဲ့ ဆေးတွေဝယ်လာလို့ သူတို့တွေ့သွားလို့ ချက်ချင်း ဖမ်းလိုက်တာ။ တကယ်စိတ်မကောင်းပါဘူး" ဟုပြောသည်။

ထိုကျောင်းဆရာမ၏ ဖခင်မှာ နယ်တွင် ဆေးကုသပေးနေသည့် သာမာန် နယ်လှည့် ဆေးကုဆရာ တစ်ဦးဖြစ်သည်ဟု လမူးကျေးရွာသားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သားအဖနှစ်ဦးကို စစ်ကောင်စီတပ်စွဲထား သည့် တောင်ကုတ်တက္ကသိုလ်ထဲတွင် ဖမ်းဆီးထားကြောင်း မြို့ခံများ‌က ပြောသည်။

အလားတူ တောင်ကုတ်မြို့၊ မြို့ဟောင်းကျေးရွာနေ ဦးအောင်သာထွန်း ကိုနေအိမ်၌ရှိနေစဉ် သြဂုတ် ၂၅ ရက် ညနေ ၃ နာရီအချိန့်ခန့်တွင် တောင်ကုတ်အခြေစိုက် ခမရ ၅၄၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်လာပြီးဖမ်းဆီးသွားသည်ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

"ဖမ်းဆီးတာတော့ ဟုတ်ပါတယ်။ သူအိမ်မှာရှိနေတုန်းဝင်ရောက်လာပြီးသူ့ကို အာရက္ခတပ်တော်ကို ဆေးထောက်ပံ့ ပေးတယ်ဆိုပြီးဖမ်းတာပါ။ နောက်ပြီးသူကနေမကောင်းတဲ့လူတွေကို ဆေးကု ပေးတယ်။ အဲ့တာကို အေအေ ကလူတွေကိုဆေးကုပေးတယ်လို့ စွပ်စွဲတယ်လို့ ပြောတယ် ။ သူ့ကို ခမရ ၅၄၄ ကိုခေါ်ယူသွားတယ် အခုချိန်ထိ မိသားစုနဲ့အဆက်သွယ်မရဘူး" ဟု ပြောကြားသည်။ 

တောင်ကုတ်မြို့တွင် စစ်ကောင်စီမှ နယ်ဖက်သို့ ဆေးသယ်ဆောင်မူနှင့် ပြည်မဖက်မှ ဆေးတင်သွင်း မူတို့ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး လက်ဝယ်တွင်ဆေးတွေ့ရှိသူများကို ဖမ်းဆီး နေခြင်းလည်း ဖြစ်သည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီကြားစစ်ရေးတင်းမာနေသည့်တောင်ကုတ်မြို့တွင် စစ်ကောင်စီဖက်မှ ဆေးနှင့် စားသုံးကုန် ပစ္စည်းအမျိုးတို့ကိုပိတ်ပင်ထားပြီး မြို့ထွက်ပေါက် ဝင်ပေါက်ဂိတ်များကို ဝန်ထမ်းကဒ်နဲ့အပ ဝင်ခွင့်မပြုဟု ထုတ်ပြန်ထားပြီး ယခင်ကထက် စစ်ဆေးမှုများကို မြို့ အဝင်အထွက်နေရာများတွင် ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ